DKBA နဲ့ မြန်မာစစ်တပ် အပြန်အလှန် ဖမ်းဆီး
2014.07.26

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA တပ်တွေနဲ့ မြန်မာ့တပ်မတော်၊ အရှေ့တောင်ပိုင်း စစ်ဌာနချုပ် လက်အောက်ခံ ရှေ့တန်းအမှတ် ၂၇၅ တို့ အကြား နယ်မြေဖြတ်ကျော်တာကို အကြောင်းပြုပြီး စစ်ဆေးရာမှာ အပြန်အလှန်ဖမ်းဆီးတာတွေ မနေ့ညက ဖြစ်ပွားခဲ့ပါတယ်။
မြဝတီမြို့ကနေ ထိုင်းနယ်စပ်ဘက်ကို ဖြတ်ကျော်တဲ့ DKBA တပ်သားတွေနဲ့ တပ်မတော်တပ်ရင်း ၂၇၅ တို့အကြား နယ်မြေဖြတ်ကျော်မှုကို စစ်ဆေးရင်း တပ်သားတွေအချင်းချင်း ပဋိပက္ခဖြစ်ပွားရာကနေ ဖမ်းဆီးမှုဖြစ်ခဲ့ရတာလို့ DKBA တပ်က ဆက်သွယ်ရေး တာဝန်ခံ ဗိုလ်ကြီးစိုးမြင့်က ပြောပါတယ်။
"တပ်ကြပ်ကြီးတစ်ယောက်ကို ဖြစ်စဉ်လေးကို မေးမြန်းတဲ့အချိန်မှာ လွဲမှားတဲ့အခြေအနေမျိုးတွေဖြစ်ခဲ့တယ်၊ ည ၇ နာရီ ၁၅ မှာ အဲ့ဖြစ်စဉ်ဖြစ်တယ်၊ ၉ နာရီ ၃ဝ မှာ ခေါ်ဆောင်သွားတဲ့ ဆရာကြီးကို ကျနော်တို့ဘက်ကနေပြီးတော့ ပြန်လည်အပ်နှံပေးခဲ့တယ်"
မြဝတီမြို့အခြေစိုက် DKBA တပ်က ဖမ်းဆီးခဲ့တဲ့ ရှေ့တန်း အမှတ် ၂၇၅ က တပ်ကြပ်ကြီးကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပေမဲ့ တပ်မတော်ဘက်က ဖမ်းဆီးသွားတဲ့ DKBA တပ်သားကို မလွှတ်ပေးသေးဘူးလို့ DKBA အရာရှိက ပြောပါတယ်။
မြဝတီမြို့အခြေစိုက် DKBA တပ်က ဆက်သွယ်ရေးတာဝန်ခံ ဗိုလ်ကြီးစိုးမြင့်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။