ကရင်ပြည်နယ်မှာ DKBA နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
2015.07.10

DKBA ဒီမိုကရေစီအကျိုးပြု တပ်မတော်တပ်တွေနဲ့ အစိုးရတပ်တွေအကြား အာရှလမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ် ပွားတာမရှိပေမယ့် တောင်ကြောတွေပေါ်မှာတော့ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ DKBA တပ်မှူး ဗိုလ်မှူးချုပ်ကျော်သက်က RFA ကိုပြောပါတယ်။
DKBA တပ်တွေအနေနဲ့ လမ်းမပေါ်မှာ နေရာယူထားတာကို တောင်ကြောပေါ်ကို ဆုတ်ခွာပေးလိုက်ရပေမယ့် မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းတွေမှာ အစိုးရဘက်က လက်နက်ကြီးနဲ့ပစ်ပြီး မွန်းလွဲ ၂ နာရီနောက်ပိုင်းမှာ လူပါတက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်လို့ DKBA တပ်ဖွဲ့အရာရှိ ဗိုလ်မှူးချုပ်ကျော်သက် က ပြောပါတယ်။
"တိုက်ပွဲအခြေအနေက ဒီညနေက သူတို့တက်လာပစ်တယ်ဗျ ကျနော်တို့ နေရာမှာနော်၊ လက်နက်ကြီးနဲ့ ပစ်တဲ့လူလည်းတက်လာတယ်နော်၊ ကျနော်တို့ ဘယ်လိုမှမလုပ်ပါဘူး၊ ကျနော်တို့ကို ပထမ လက်နက်ကြီးနဲ့ ပစ်တယ်၊ ကျနော်တို့နေရာမှာပဲ ကျနော်တို့ပြန်လာနေတယ်၊ သူတို့ကတောင်မှလာပစ်နေရင် ကျနော်တို့ ကပြန်ပစ်မယ် ဒါပဲရှိတယ်၊ ကျနော်တို့ဆုတ်ပေးလိုက်တယ်လေ၊ မဟုတ်ရင်တော့ လူထုတွေဘာတွေ ဒုက္ခရောက်မှာကြောက်လို့ ဆုတ်ပေးလိုက်တာလေ"
တိုက်ပွဲမှာ နယ်ခြားစောင့်တပ်တွေ ပါဝင်ခြင်းမရှိဘဲ ဒေသခံအစိုးရတိုင်းတပ်ရင်းက ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ကော့ကရိတ်ဒေသက တိုက်ပွဲတွေနဲ့ပတ်သက်လို့ အစိုးရက သတင်းထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂ ရက်နေ့ကစလို့ တိုက်ပွဲ ၂၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ခုချိန်မှာ အာရှလမ်းမကြီးကို ပြန်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီအတောအတွင်းမှာပဲ KPNS ကရင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ၂၅ ဖွဲ့က အစိုးရအနေနဲ့ အာရှလမ်းမကြီးကို တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရယူပြီး သဘောတူညီချက်တွေ အတိအကျရရှိပြီးမှသာ ဖွင့်လှစ်သင့်တယ်လို့ ဇူလိုင်လ ၁ဝ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အာရှလမ်းမကြီးဟာ ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ KPNS အဖွဲ့ရဲ့ ကြေညာ ချက်မှာ ထုတ်ပြန်ထားပါတယ်။
တချိန်တည်းမှာပဲ သမ္မတ ဦးသိန်းစိန် ဇူလိုင် ၉ ရက်နေ့က တိုင်းပြည်ကို ပြောကြားသွားတဲ့ ရေဒီယိုမိန့်ခွန်းမှာ တစ်နိုင်ငံလုံး အပစ်အခတ်အရပ်စဲရေးစာချုပ်ကို ရွေးကောက်ပွဲမတိုင်ခင် ရေးထိုးနိုင်ရေးဆောင်ရွက်နိုင် လိမ့်မယ်လို့ ပြောကြားခဲ့ပေမယ့် တိုင်းရင်းသားတွေဘက်က အခက်အခဲတွေ အများကြီးကျော်လွှားရဦးမယ်လို့ သုံးသပ်ပါတယ်။
လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင် ဦးနိုင်ဟံသာကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။