ရခိုင်အခြေစိုက် DMG သတင်းဌာနကို စစ်ကောင်စီဝင်ရောက်စီးနင်း၊ နှစ်ဦးအဖမ်းခံရ

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့က ရခိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group (DMG) သတင်းဌာနကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး သတင်းထောက်တစ်ဦးနဲ့ ညစောင့်တစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ အဲဒီသတင်းဌာနရဲ့ သတင်းဝာာဝန်ခံတစ်ဦးက ပြောပါတယ်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စသုံးလုံး သတင်းတပ်ဖွဲ့ SB နဲ့ စစ်သား ရဲသားအင်အား ၂၀ ခန့်က ကားသုံးစီးနဲ့ အောက်တိုဘာလ ၂၉ ရက် မနေ့ နေ့လယ်ပိုင်း ၁၂ နာရီခန့်က လာရောက်စီးနင်းသွားတာဖြစ်တယ်လို့ အဲဒီသတင်းဌာနရဲ့သတင်းတာဝန်ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဘာကြောင့်အခုလိုလုပ်တယ်ဆိုတာကိုတော့ မသိရသေးဘူး။ ဖမ်းဆီးသွားတဲ့ သတင်းထောက်နဲ့ ညစောင့်ကို လည်း သွားတွေ့လို့မရသေးဘူး။ ရုံးက ပစ္စည်းတွေကို အကုန်သိမ်းသွားတယ်။ ရုံးကိုပါ ချိတ်ပိတ်သွားတယ်။ သတင်းဌာနကို အခုလိုလုပ်တာဟာ ငါတို့လုပ်ချင်သလို လုပ်လို့ရတယ် ဆိုပြီး အာဏာပြတာလို့ မြင်တယ်”
သတင်းဌာနတစ်ခုကို အခုလို ဝင်ရောက်စီးနင်းတာနဲ့ ပစ္စည်းတွေအားလုံးကိုသိမ်းဆည်းသွားပြီး ရုံးကို ချိပ်ပိတ်လိုက်တာဟာ သတင်းမီဒီယာလွတ်လပ်ခွင့် လွတ်လပ်စွာသတင်းရေးသားခွင့်နဲ့ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်တွေကို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အဲဒီဖမ်းဆီးခံလိုက်ရတဲ့ အဲဒီသတင်းထောက်ဟာ ဒီနေ့မနက်ပိုင်းက စစ်တွေမြို့၊ ဝင်္ဂဘာကွင်းမှာ ပြုလုပ်တဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သွားရောက်သတင်းယူခဲ့ရာကနေ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာပါ။
အဲဒီနောက် ဖမ်းဆီးထားတဲ့ သတင်းထောက်ကို Development Media Group(DMG) ရုံးကို လိုက်ပြခိုင်းပြီး ကွန်ပျူတာ၊ လက်တော့ပ် ကင်မရာအပါဝင် ရုံးတွင်းသတင်းလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းအားလုံးကို သိမ်းဆည်းသွားတာဖြစ်တယ်လို့ အဲဒီသတင်းဌာနရဲ့သတင်းတာဝန်ခံက ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံလိုက်ရတဲ့ သတင်းထောက်နဲ့ ညစောင့်ကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Development Media Group(DMG) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးဟာ မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၂) နဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အတွင်းက ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့သတင်းရဲတပ်ဖွဲ့ရဲ့ အမှုဖွင့်တာကို ခံထားရသူပါ။
အဲဒီအပြင် အဲဒီသတင်းဌာနက တာဝန်ခံအယ်ဒီတာတစ်ဦးနဲ့ သတင်းထောက် တစ်ဦးကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။