အစိုးရက ရခိုင်သတင်းမီဒီယာကဏ္ဍ မှေးမှိန်အောင် လုပ်နေကြောင်း DMG ပြော

မင်းသိန်းအောင်
2020.12.22

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနရဲ့ မောင်တောဒေသအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်း ကို အစိုးရက ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့ မောင်တော မြို့မရဲစခန်းမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က အမှုဖွင့်ထားပါတယ်။ ဒါဟာ အစိုးရက သတင်းမီဒီယာ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်နေတာလို့ DMG သတင်းဌာနက ပြောလိုက်ပါတယ်။

DMG သတင်းဌာနမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ကဖော်ပြခဲ့တဲ့ မောင်တော သုံးမိုင်တံတား ပျက်စီးနေလို့ အမြန်ဆုံးပြုပြင်ဖို့ လိုနေတဲ့ အကြောင်း ဖော်ပြခဲ့တဲ့သတင်းဟာ အသရေပျက်စေတယ်လို့ဆိုပြီး လမ်းတံတားအထူးအဖွဲ့ ၄က အင်ဂျင်နီယာ ဦးမောင်ဝင်းက တရားလိုလုပ်ပြီး တိုင်တန်းထားတာပါ။

အမှုဖွင့်ခံရတဲ့ DMG သတင်းထောက် ကိုအောင်ကျော်မင်း က ဒါဟာသတင်းသမားကို နောက်နောင် မရေးဝံ့အောင် လုပ်ဆောင် လိုက်တာလို့ ဝေဖန်ပါတယ်။

“ပြည်သူတွေရဲ့ အခက်အခဲကို ကျွန်တော်တို့က အဓိကရေးခဲ့တာဗျ။ ဒီတံတားပျက်စီးနေတာ သုံးလေးနှစ်လောက်တောင်ကြာနေပြီ။ အဲဒါကို ပြုပြင်မယ့်အနေအထား ဘယ်လိုရှိလဲဆိုတာကို သူ့ကိုကျွန်တော်တို့မေးတယ်။ သူဖြေတဲ့အတိုင်း ကျွန်တော်တို့က သတင်းမှာ ထည့်ရေးတယ်။ အဲဒါပါပဲ။ နောက်ဒီလိုမရေးဝံ့အောင် သူတို့က အကြောက်တရား သွင်းလိုက်ပေမယ့် ကျွန်တော်တို့က ပြည်သူတွေ နစ်နာလို့ရှိရင်တော့ ကျွန်တော်တို့ကတော့ ဘယ်ဟာကိုမဆို ရင်ဆိုင်လို့တော့ ရေးသွားရမှာပဲ”

DMG သတင်းဌာနက ဒီဇင်ဘာ ၁၁ ရက်နေ့က ဖော်ပြခဲ့တဲ့သတင်းမှာ အဲဒီ သုံးမိုင်တံတားဟာ မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာပေါင်း ၁၀၀ ကျော်ကို ဆက်သွယ်သွားလာရေးအတွက် အားထားနေရတဲ့ တံတားဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒီတံတားနဲ့ပတ်သက်လို့ လမ်းတံတား အထူးအဖွဲ့ ၄ က အင်ဂျင်နီယာ ဦးမောင်ဝင်းက ဒီတံတားကိုလုပ်တာ သုံးခါရှိပြီဖြစ်ကြောင်း၊ သစ်တန်ချိန် ၃၀ လောက် ကုန်သွားပြီဖြစ်ကြောင်း၊ တံတားမှာခင်းဖို့ သံပြားတွေကို ဘူးသီးတောင်မှာဆေးသုတ်နေပြီး မနက်ဖြန်မဟုတ်ရင် သန်ဘက်ခါပြုပြင်သွားဖို့ရှိကြောင်း စသဖြင့် ဖြေကြားခဲ့တယ်လို့ သတင်းမှာပါရှိပါတယ်။

ဒီသတင်းထဲမှာ ဘယ်အချက်တွေက အသရေပျက်စေတယ်ဆိုတာကို သိရဖို့ အမှုဖွင့်တိုင်တန်းတဲ့ အင်ဂျင်နီယာ ဦးမောင်ဝင်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့် ကတော့ ခရီးသွားနေတာကြောင့် အချက် အလက် အတိအကျ ပြောလို့မရသေးပေမယ့် DMG သတင်းထောက် ရေးသားချက်ဟာ အောက်ခြေက အချက်အလက်တွေနဲ့ ကွဲလွဲတာကြောင့် တရားစွဲတဲ့အထိဖြစ်လာတာလို့ RFA ကို ပြောပါတယ်။

"DMG သတင်းထောက်ရဲ့ ရေးသားချက်ဟာ လက်တွေ့အခြေအနေနဲ့ ကွဲလွဲနေတာကြောင့် ဖြေရှင်းချက်တောင်းထားတာမှာ အဆင်မပြေတာကြောင့် တရားစွဲဖို့ပြောထားတာရှိတယ်၊ တရားစွဲထားတဲ့ အင်ဂျင်နီယာကလည်း မောင်တောဘက်ရောက်နေတော့ အဆက်အသွယ်ပြတ်နေတယ်။"

အမှုဖွင့်ခံရတဲ့ DMG သတင်းထောက် ကိုအောင်ကျော်မင်းက အမှုဖွင့်တိုင်တန်းသူနဲ့ တိုင်တန်းခံရသူ နှစ်ဦးစလုံးရဲ့ လက်ကိုင်ဖုန်းတွေကို ရဲစခန်းမှာ အပ်နှံထားရတယ်လို့ပြောပါတယ်။

မောင်တောမြို့မရဲစခန်းက အမည်မဖော်လိုတဲ့ တာဝန်ကျရဲအရာရှိတစ်ဦးကတော့ DMG သတင်းထောက် ကိုအောင်ကျော်မင်းကို တိုင်ကြားလာတဲ့အမှုနဲ့ပတ်သက်လို့ အခုလက်ရှိမှာ အမှုကိုစစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

DMG သတင်းဌာနက ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ်ပြန်ချက်မှာ အခုလိုအမှုဖွင့်တဲ့ကိစ္စဟာ လမ်းတံတားအထူးအဖွဲ့ ၄ ရဲ့ အဓိက ဆောင်ရွက်ချက်မဟုတ်ဘဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ဖွင့်ထားတဲ့အမှု ဖြစ်နေတယ်လို့ဖော်ပြထားပါတယ်။

DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ်နဲ့ အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဦးက ဒီလုပ်ရပ်ဟာ သတင်းမီဒီယာအခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်နေတာပဲလို့ ဝေဖန်ပါတယ်။

“သတင်းတင်ပြတဲ့အခါမှာပဲဖြစ်ဖြစ် သတင်းရေးတဲ့အခါမှာပဲဖြစ်ဖြစ် ကျွန်တော်တို့က သတင်းကျင့်ဝတ်နဲ့ အညီပေါ့၊ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းမီဒီယာဥပဒေ၊ တည်ဆဲဥပဒေတွေအပေါ်မှာ လိုက်နာပြီးတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစား ပြီးတော့ လုပ်ပါတယ်။ ဒီဟာတွေကို အကုန်လုံး ဆန့်ကျင်ပြီးတော့ ကျွန်တော်တို့ကို တရားစွဲတယ် ဆိုတာကတော့ ဒီဟာက စတုတ္ထမဏ္ဍိုင်လို့ နိုင်ငံတော်အဆင့်က သတ်မှတ်ထားတဲ့ သတင်းမီဒီယာအခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်တယ်လို့ ကျွန်တော်တို့ မြင်တယ်”

သတင်းမီဒီယာဥပဒေမှာ သတင်းသမားတစ်ဦးကို ဥပဒေအရ အရေးယူမယ်ဆိုရင် မြန်မာသတင်းမီဒီယာ ကောင်စီ (MPC) ကို ဦးစွာတိုင်ကြားရမယ်လို့ ပြဌာန်းထားပါတယ်။

ဒါပေမဲ့ ဒီအမှုမှာ လမ်းတံတားအထူးအဖွဲ့ ၄ အနေနဲ့ သတင်းမီဒီယာဥပဒေကိုကျော်လွန်ပြီး ဥပဒေကို အသိအမှတ်မပြုမလေးစားဘဲ တိုက်ရိုက်အမှုဖွင့်တိုင်ကြားထားတာဖြစ်လို့ DMG သတင်းဌာနအနေနဲ့ မြန်မာစာနယ်ဇင်းကောင်စီကို ကြားဝင်ညှိနှိုင်းဖို့ ဒီဇင်ဘာလ ၁၄ ရက်နေ့က စာရေးသားပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းကလည်း DMG သတင်းဌာနကို တိုက်ရိုက်အမှုဖွင့်တာတွေမလုပ်ဘဲ ကောင်စီနဲ့ ဦးစွာညှိနှိုင်းဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံကို စာရေးသားပေးပို့ထားပေမယ့် အစိုးရက အကြောင်းမပြန်သေးဘူးလို့ မနေ့က ပြောပါတယ်။

“DMG က ကျွန်တော်တို့ဆီကို ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကစာပို့လာတယ်။ ၁၅ ရက်နေ့မှာတော့ ချက်ချင်းပဲ တိုင်ကြားတဲ့သူတွေဆီကို စာပို့တယ်။ နောက်ပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်ဆီကို မိတ္တူတွေပေးတယ်။ ပေးပို့တဲ့စာမှာတော့ ကျွန်တော်တို့ အမြဲတမ်း တိုက်တွန်းပြောဆိုနေသလိုပဲ သတင်းမီဒီယာသမားကို တရားစွဲမယ်ဆိုရင် တည်ဆဲဥပဒေအရ မစွဲဘဲနဲ့ ကျွန်တော်တို့မှာ သတင်းမီဒီယာဥပဒေတွေ ရှိတယ်။ သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီကို တိုင်ပါ။ သတင်းမီဒီယာကောင်စီက ဦးစွာဖြေရှင်းပါမယ်။ မကျေနပ်ရင်တော့ ကိုယ်နှစ်သက်ရာ တိုင်လို့ရပါတယ် ဆိုတာကို ကျွန်တော်တို့ပြောပါတယ်။ ဒီဟာကို ၆၆ (ဃ)နဲ့ မစွဲဘဲ သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီကို တိုင်ကြားပါ ဆိုပြီးတော့ ကျွန်တော်တို့ စာပေးပို့ခဲ့တာပေါ့နော်။ အခု အချိန်အထိတော့ ကျွန်တော်တို့ဆီကို ဘာမှ အကြောင်းပြန်ကြားချက်တော့ မရှိသေးဘူးပေါ့နော်”

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကလည်း DMG သတင်းထောက် ကိစ္စနဲ့ ပတ်သက်လို့ သတင်းမီဒီယာကောင်စီနဲ့ ဦးစွာဖြေရှင်းဖို့ အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ အဲဒီကိစ္စကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကတဆင့် ညှိနှိုင်းဖြေရှင်းဖို့ အကြောင်းကြားထားပါတယ်။ အရင်ကလည်း ကျွန်တော်က သတင်းမီဒီယာကောင်စီမှာ တာဝန်ယူခဲ့ဖူးပါတယ်။ ကျွန်တော်တို့ လက်ထက်ကတည်းက ဒီအစဉ်အလာပါပဲ။ သတင်းသမားတွေ အပေါ်မှာ သတင်းရေးသားဖော်ပြမှုနဲ့ ပတ်သက်လို့ မကျေနပ်တာတွေရှိလို့ရှိရင် တရားရုံးကို တိုင်တန်းခြင်းမပြုဘဲ သတင်းမီဒီယာကောင်စီကတဆင့် ဝင်ရောက်ပြီးတော့ ညှိနှိုင်းဖြေရှင်းပေးဖို့ အဲလို ဆက်သွယ် ဆောင်ရွက်တာဟာ အကောင်းဆုံးပဲလို့ ကျွန်တော်တို့ ယူဆပါတယ်”

DMG သတင်းထောက် အမှုဖွင့်ခံရတဲ့ကိစ္စအပြင် မြန်မာသတင်းမီဒီယာကောင်စီက စာပေးပို့ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဒီဇင်ဘာလ ၁၈ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ ဘာမှမသိသေးဘူးလို့ ဖြေကြားပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ပြည်နယ်လျှပ်စစ်နဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ရဲ့ လက်ကိုင်ဖုန်းတွေကို RFA က ဒီနေ့အကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေကြားမယ့်သူ မရှိပါဘူး။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLD ပါတီက ဗဟိုအောင်နိုင်ရေးကော်မတီ ပြောခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်မပြုလိုဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့ သိရသလောက်တော့ သတင်းမီဒီယာကောင်စီက တိုင်ပင်ညှိနှိုင်း ဖြေရှင်းတဲ့သဘောမျိုး ရှိပါတယ်။ တရားဥပဒေ အရတော့ သတင်းမီဒီယာကောင်စီက လွှဲအပ်မှ တိုင်ရမယ်လို့တော့ ကျွန်တော်တို့ မသိပါဘူးခင်ဗျ။ အဲတော့ ဒီလုပ်ရပ်အပေါ်မှာ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်ခြင်း မညီညွတ်ခြင်းကိုတော့ ကျွန်တော်က ဒီနေရာမှာ မှတ်ချက် မပေးနိုင်ပါဘူးခင်ဗျ”

Development Media Group (DMG) သတင်းဌာနရဲ့ အယ်ဒီတာချုပ်နဲ့ အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဦးကို ပြီးခဲ့တဲ့ ၂၀၁၉ မေလ ၁ ရက်နေ့က သတင်းတပ်ဖွဲ့ SB က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ - ၁၇ (၂) နဲ့ စစ်တွေ မြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရပါတယ်။

ဦးအောင်မင်းဦးဟာ အဲဒီအချိန်ကစနေစလို့ ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

DMG သတင်းဌာနရဲ့ လိုင်စင်နဲ့ သက်တမ်းကုန်နေပြီဖြစ်တဲ့ ဂျာနယ်ထုတ်ဝေခွင့်တွေအတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ပြန်ကြားရေးဌာနမှာ ပြန်လျှောက်ထားခဲ့ပေမယ့် အစိုးရက ဒီနေ့အထိ ခွင့်ပြုမပေးတော့ဘူးလို့ DMG သတင်းဌာနကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ မတ်လ ၂၄ ရက်နေ့ကပင် DMG သတင်းဌာနရဲ့ အင်တာနက်ဝက်ဘ်ဆိုက်ကို မိုဘိုင်းဖုန်းဒေတာနဲ့ ကြည့်ရှုခွင့်ကို အစိုးရက ဒီနေ့အထိ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

ဒီကိစ္စတွေကို ပြန်လည်ခွင့်ပြုပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို DMG သတင်းဌာနက ၂၀၁၉ မေလ ၂၈ ရက်နေ့မှာ စာရေးသား အကူအညီ တောင်းခံထားပေမယ့် ဒီနေ့အထိ ဘာမှထူးခြားမလာဘူးလို့ DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ်နဲ့ အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဦးက ပြောပါတယ်။

ပြည်တွင်းအခြေစိုက် Free Myanmar Expression အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ယဉ်ရတနာသိန်းက သတင်းမီဒီယာတိုက် တစ်ခုကို အဖက်ဖက်က ပိတ်ဆို့ထားတာဟာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာကဏ္ဍကို ခြိမ်းခြောက်လိုက်တာပဲလို့ ပြောပါတယ်။

“ဒီလိုပဲ DMG ကိုပဲ ဆက်လက်ပြီးတော့မှ ရေးသားထုတ်ဝေနေဦးမယ်ဆိုရင် ဒီလိုမျိုးပဲ အဖက်ဖက်က နေပြီးတော့မှ ခြိမ်းခြောက် ခံရမှုတွေ၊ ဥပဒေအရ ခြိမ်းခြောက်ခံရမှု၊ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ နည်းပညာပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဒါက ဝက်ဘ်ဆိုက်တွေကို ပိတ်ပစ်တဲ့ဟာမျိုးပေါ့နော်၊ ဒါမျိုးတွေကို အများကြီး လုပ်လို့ရတယ်လို့ အစိုးရကနေပြီးတော့ နမူနာပြနေတာ ပေါ့နော်။ ဒါကဆိုလို့ရှိရင် သတင်းမီဒီယာတိုက် တစ်ခုတည်းကိုတင် မဟုတ်ဘူး မြန်မာနိုင်ငံ သတင်းမီဒီယာလွတ်လပ်ခွင့် တစ်ခုလုံးကို စိန်ခေါ်မှု ဖြစ်စေတယ်။ ဒါဟာ တစိမ့်စိမ့် ကြောက်စရာကောင်းတဲ့ အရာမျိုး ဖြစ်လာစေတဲ့ဟာမျိုးလို့ မြင်မိတယ်”

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group(DMG) သတင်းဌာနဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလက စတင်ထူထောင် ခဲ့တဲ့ သတင်းဌာန တစ်ခုဖြစ်ပြီး ဖေ့စ်ဘွတ်၊ ဝက်ဘ်ဆိုက်မှာ ရုပ်သံသတင်းတွေကိုပါ ပူးတွဲတင်ဆက်သလို Development News Journal အမည်နဲ့ တစ်လနှစ်ကြိမ် ဂျာနယ်ထုတ်ဝေခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရက ဂျာနယ်ထုတ်ဝေခွင့်လိုင်စင်ကို သက်တမ်းတိုးမပေးတော့တဲ့အတွက် ဂျာနယ်ထုတ်ဝေမှု ရပ်နားထားရတာ တစ်နှစ်နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။