ဒေါ်အောင်ဆန်းစုကြည် အနားယူဖို့ လိုကြောင်း ဆရာဝန်တိုက်တွန်း
2010.12.09

“ဂျာမနီ သံအမတ်ကြီးနဲ့ တွေ့နေတယ်။ တွေ့နေတာ နာရီဝက် တနာရီလောက် ရှိသွားပြီ။ အဲ နေ့ခင်းပိုင်းတုန်းက ကိုရီးယား သံအမတ်ကြီးနဲ့ တွေ့တယ်။ ဒီမှာပဲ။”
ဂျာမန်သံအမတ်ကြီး Mr Julius Georg Luy နဲ့ တွေ့ဆုံရာမှာ ဂျာမနီအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီကနေ့ သံအမတ်ကြီးတွေနဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာတော့ အာရှနဲ့ ပစိတ်ဒေသ ဆိုင်ရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိမိရဲ့ ကျန်းမာရေးအတွက် အချိန်ပေးပြီး အနားယူသင့်တယ်လို့ မိသားစုဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းက တိုက်တွန်း အကြံပြုခဲ့ကြောင်း သိရပါတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံပြီး ကျန်းမာရေး စစ်ဆေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ဒါပေမဲ့ အနားယူဖို့ လိုအပ်တယ်လို့ မြင်မိကြောင်း RFA ကို ပြောပါတယ်။
“အပြင်ပန်းအားဖြင့် ကျန်းမာရေး ကောင်းပါတယ်။ ဒါပေမဲ့ အနားယူဖို့တော့ လိုတာပေါ့နော်။ စိုက်ပြီး လုပ်တဲ့အချိန်က နည်းတာမှမဟုတ်ပဲ။ အဲဒါကြောင့်မို့လို့လေ၊ ကျွန်တော်က အနားယူဖို့အတွက်တော့ အဓိက တိုက်တွန်းခဲ့တာပေါ့။ အဲဒီလောက်ပါပဲ။ ထူးထူးခြားခြား အကြောင်းအရာတော့ ဘာမှ မရှိပါဘူး။ အဖျားသွေးလေးတော့ နည်းနည်း ရှိတယ်လေ၊ အဲဒါကြောင့်မို့လို့ပါ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ နောက်တနေ့မှာ ဗဟန်းမြို့ရွှေဂုံတိုင်လမ်းက အဖွဲ့ချုပ်ရုံးမှာ လူထုကို ပထမဆုံး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း နေ့စဉ်လိုလို ပြည်တွင်းပြည်ပက သတင်းထောက်တွေ နိုင်ငံခြား တိုင်းပြည်တွေက ခေါင်းဆောင်တွေ သံတမန်တွေ နိုင်ငံရေးပါတီတွေသာမက လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာတွေ ရှိခဲ့သလို အခြား လူမှုရေးလုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်တာတွေ ရှိခဲ့ပါတယ်။
နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေအတွက် အနားယူချိန် မရှိသလောက် လုပ်ဆောင်နေတာကြောင့် သူ့ရဲ့ ကျန်းမာရေးအတွက် အခုလို တိုက်တွန်းရတာဖြစ်ကြောင်း ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။