ရွှေနဲ့ဒေါ်လာဈေး တည်ငြိမ်လာပြီလို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ပြော
2019.09.09
ဘဏ်တွေအပေါ်မှာထားရှိတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုအပေါ်မူတည်ပြီး ရွှေဈေးနဲ့ ဒေါ်လာဈေးကွက် တည်ငြိမ် လာတယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးစိုးမင်းက ဒီကနေ့ ပြောလိုက်ပါတယ်။
နိုင်ငံတကာမှာလည်း ရွှေဈေးနဲ့ ဒေါ်လာဈေးတက်နေတာဖြစ်ပေမယ့် ပြည်တွင်းမှာ ဖြစ်သင့်တဲ့ဈေးနှုန်းထက် ပိုများ လာတယ်၊ တည်ငြိမ်မှုရှိဖို့ကတော့ ပြည်သူတွေရဲ့ ယုံကြည်မှုက အရေးကြီးတယ်လို့ ဦးစိုးမင်းက ပြည်ထောင်စု လွှတ်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ပုဂ္ဂလိကဘဏ်တွေ ခိုင်မာဖို့အတွက် ဗဟိုဘဏ်က စနစ်၊ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အမြဲထိန်းကျောင်းနေ တယ်လို့ ဆိုပါတယ်။
ဘဏ်တွေမှာငွေတွေ လုံလုံလောက်လောက်ရှိတဲ့အတွက် ပြည်သူတွေ မစိုးရိမ်ကြဖို့လည်း သတင်းစကားပါး လိုတယ်လို့ ဦးစိုးမင်းက ဒီနေ့ ထပ်မံပြောကြားသွားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေက ဘဏ်ကိစ္စ ကောလာ ဟလတွေအပေါ် မယုံကြည်ကြဖို့ ပြည်သူတွေကို တိုက်တွန်းချက် ထွက်ပေါ်လာအပြီးမှာ အမေရိကန်ဒေါ်လာဈေး ပြန်လည်ကျဆင်းလာသလို ရွှေဈေးဟာလည်း တစ်ကျပ်သားကို အရင်က ကျပ်၁၃ သိန်းကျော်အထိရှိခဲ့ရာကနေ ၁၂ သိန်းကျော်အထိ ပြန်လည်ကျဆင်းလာပါတယ်။
အမေရိကန်ဒေါ်လာဈေးဟာလည်း ၁၅၄၀ ကျပ်အထိ ဈေးတက်သွားခဲ့ရာကနေ ဒီကနေ့ ၁၅၃၈ ကျပ် အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။
ငွေအလုံးအရင်းချေးထားတဲ့ လုပ်ငန်းရှင်တွေဟာ စက်တင်ဘာလကုန်မှာ ဘဏ်ချေးငွေတွေပြန်ဆပ်ရမယ်လို့ သတင်းတချို့ ထွက်ပေါ်နေပေမယ့် ဦးစိုးမင်းကတော့ အဲဒီလို အချိန်ကန့်သတ်ထားတာမျိုးမရှိဘဲ ဘယ်ကာလ မှာပြန်ဆပ်ရမယ်ဆိုတာက သက်ဆိုင်ရာဘဏ်နဲ့ ချေးငွေရယူသူတွေရဲ့ ငွေချေးခဲ့တဲ့ အချိန်အတိုင်းအတာအပေါ် မူတည်တယ်လို့ ပြောပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)