စံချိန်တင် ဒေါ်လာနဲ့ရွှေဈေးနှုန်း ပြန်ကျလာပေမယ့် မတည်ငြိမ်
ပြီးခဲ့တဲ့ရက်ပိုင်းက စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ မနေ့က ပြင်ပအရောင်းအဝယ် ဈေးကွက်မှာ တစ်ဒေါ်လာကို ၂၀၀၀ ကျပ်အောက် အနည်းငယ်အထိ ပြန်ကျခဲ့ပေမယ့် အောက်တိုဘာ ၆ ရက် ဒီနေ့မှာတော့ ၂၂၀၀ ဝန်းကျင်အထိ ပြန်တက်လာခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေဈေး ဆက်တိုက်ကျဆင်းလာပြီး စက်တင်ဘာလ ကုန်ပိုင်းမှာ ပြင်ပပေါက်ဈေး တစ်ဒေါ်လာကို ကျပ် ၂၇၀၀ ကျော်အထိ စံချိန်တင်မြင့်တက်သွားခဲ့တာပါ။
ဗဟိုဘဏ်ကလည်း စက်တင်ဘာလကုန်ပိုင်းအထိ တစ်ဒေါ်လာ ၁၇၅၅ ကျပ်သာ သတ်မှတ်ထားပေမယ့် အောက်တိုဘာလထဲ အရောက်မှာတော့ ၁၉၀၀ ကျော်အထိ တိုးပြီးသတ်မှတ်ခဲ့သလို အောက်တိုဘာလ ၆ ရက် ဒီနေ့ သတ်မှတ်ဈေးက ၁၉၆၈ ကျပ်ဖြစ်ပါတယ်။
ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ KBZ ဘဏ်နဲ့ AYA ဘဏ်မှာတော့ ဒီကနေ့ ဒေါ်လာဈေးက ၁၉၇၅ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
စံချိန်တင် ၂၂၀၀၀၀၀ ကျော်အထိမြင့်တက်ခဲ့တဲ့ မြန်မာ့ရွှေဈေးကလည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ရဲ့ စာရင်းအရ အောက်တိုဘာလ ၅ ရက်နေ့မှာ ၁၈၅၀၀၀၀ အထိ ဈေးပြန်ကျခဲ့ပေမယ့် ဒီနေ့မှာတော့ ၁၉၃၀၀၀၀ အထိ အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၀၀ ဝန်းကျင်သာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေဈေး ဆက်တိုက်ကျဆင်းလာတာဖြစ်ပါတယ်။
ဒေါ်လာဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက်ဆိုပြီး ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ဆက်တိုက်ထုတ် ရောင်းနေတဲ့အပြင် ပြည်ပပို့ကုန်ရငွေတွေကိုလည်း လက်ထဲကိုင်မထားဘဲ တစ်လအတွင်းပြန်ရောင်းဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။