ဗဟိုဘဏ် ရည်ညွှန်းဈေးပြန်သတ်မှတ်၊ တစ်ရက်အတွင်း ဒေါ်လာဈေး ၂၀၀ ကျ

2021.11.10
ဗဟိုဘဏ် ရည်ညွှန်းဈေးပြန်သတ်မှတ်၊ တစ်ရက်အတွင်း ဒေါ်လာဈေး ၂၀၀ ကျ အမေရိကန်ဒေါ်လာကို တွေ့ရစဉ်
Photo: AFP

နိုင်ငံခြားငွေလဲလှယ် ရောင်းချရာမှာ ဗဟိုဘဏ်သတ်မှတ်ဈေးရဲ့ ± ဝ.၅ % အတွင်းမှာသာ ဆောင်ရွက်ဖို့ ဗဟို ဘဏ်က ညွှန်ကြားပြီးနောက်မှာ အမေရိကန်ဒေါ်လာဈေးဟာ တစ်ရက်အတွင်း ၂၀၀ ကျပ်အထိ ကျဆင်းသွား တာကို ငွေလဲလှယ်ရေး လုပ်ငန်းတွေကနေ သိရပါတယ်။

မနေ့က နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းမှာ တစ်ဒေါ်လာ ၁၉၄၀ ကျပ်ဝန်းကျင်ရှိနေတဲ့ အမေရိကန် ငွေလဲလှယ် နှုန်းဟာ ဒီနေ့ ၁၀ ရက်နေ့မနက်မှာတော့ ၁၇၈၀ ကျပ် ဝန်းကျင်ကို ရောက်ရှိသွားတာဖြစ်ပါတယ်။

ဒီလို အမေရိကန် ဒေါ်လာဈေးနှုန်း အပြောင်းအလဲကြောင့် ဒေါ်လာ ရောင်းချသူထက် လာရောက်ဝယ်ယူ သူတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့တွင်း နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

အမေရိကန် ဒေါ်လာအပြင် တခြားနိုင်ငံခြားငွေဖြစ်တဲ့ စင်္ကာပူ ဒေါ်လာဟာလည်း ၁၃၄၀ ကျပ်ကနေ ၁၂၈၀ ကျပ်ဝန်းကျင်ကို ရောက်ရှိသွားပြီး ဂျပန် ယန်း၊ ယူရို၊ မလေးရှား ရင်းဂစ်၊ ထိုင်း ဘတ်၊ တရုတ် ယွမ် တို့ကတော့ ထူးထူးခြားခြား အပြောင်းအလဲမရှိတာကို လိုင်စင်ရ ငွေလဲလှယ်ရေးလုပ်ငန်းတွေရဲ့ စာရင်းမှာ တွေ့ရပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေလဲလှယ် ရောင်းချရာမှာ ဗဟိုဘဏ် သတ်မှတ်ဈေးရဲ့ ± ၁% အတွင်း ရောင်းချဖို့ ကနေ ဝ.၈% အတွင်းရောင်းချဖို့ကို ဩဂုတ်လအတွင်း သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်လာဈေး စံချိန်တင်မြင့်တက်လာပြီးနောက် အောက်တိုဘာ ၉ ရက်နေ့မှာ ဒီသတ်မှတ်ဈေးအတွင်း ရောင်းချဖို့ကို ပယ်ဖျက်လိုက်ပါတယ်။

အဲဒီနောက်မှာတော့ လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့ကစလို့ ဗဟိုဘဏ်သတ်မှတ်ဈေးရဲ့ ± ဝ.၅ % အတွင်း နိုင်ငံခြားငွေလဲလှယ်ရောင်းချဖို့ ပြန်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။