ကပ်ဘေးကာလ အိမ်တွင်းအကြမ်းဖက်မှု ပိုများနိုင်ကြောင်း အဖွဲ့တချို့ သတိပေး
2020.07.03
ကပ်ဘေးကာလအတွင်း နိုင်ငံကြီးတချို့မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ သာမန်အချိန်ထက် ပိုများလာနေသလို မြန်မာနိုင်ငံမှာလည်း များပြားလာတာ တွေ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တချို့က ပြောကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြန့်ပွားမှုဟန့်တားနိုင်ရေးအတွက် အိမ်မှာပဲ နေထိုင်ကြရတဲ့ကာလမှာ မိသားစု စားဝတ်နေရေး ကျပ်တည်းမှုတွေ၊ စီးပွားရေး အဆင်မပြေမှုတွေရှိနေကြပြီး ဒီအဆင်မပြေမှုတွေရဲ့ စိတ်ထွက် ပေါက်အဖြစ် မိသားစုအတွင်း အနိုင်ကျင့်ကြတဲ့ အိမ်တွင်းအကြမ်းဖက်မှု ပိုမိုဖြစ်ပေါ်လာတယ်လို့ ရန်ကုန် အခြေစိုက် အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူ ဒေါ်ထားထားက ပြောပါတယ်။
“အစ်မတို့ကို တိုင်တန်းလာတဲ့ အမှုတွေဟာ ၂ ဆမက ၃ ဆမက တက်သွားတယ်။ အမျိုးသမီးတွေ တော်တော်လေး ခံရတယ်။ တကယ်တမ်းတော့ အိမ်တွင်းအကြမ်းဖက်မှုက နဂိုကတည်းကရှိတာ။ လှိုက်စားနေတဲ့ ရောဂါဆိုးကြီးတစ်ခုဖြစ်တယ်။ ကိုဗစ်ဖြစ်ခါမှ အရမ်းသိသာသွားတာ။ ပိုတက်သွားတဲ့အတွက် ပိုသိသာသွားတာ“
အိမ်တွင်းအကြမ်းဖက်မှုလို့ဆိုရာမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဆိုလိုတာဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အိမ်တွင်းအကြမ်းဖက်ခံရသူ အများဆုံးကတော့ အမျိုးသမီးတွေပဲဖြစ်တယ်လို့ အမျိုးသမီးများ အတွက် ငြိမ်းချမ်းရေးအဖွဲ့ ဒါရိုက်တာဒေါ်သူဇာတင်က ပြောပါတယ်။
“တချို့ဆိုရင် ခေါင်းပေါက်ပြီးတော့ သွေးတွေထွက်ပြီးတော့ ရောက်လာတယ်။ တချို့ဆိုရင်လည်း လုံးဝမပေါင်းနိုင်တော့ဘူး ကွာပေးပါဆိုပြီး ကိုယ်ဝန်ကြီးနဲ့ ရောက်လာတာလည်းရှိတယ်။ တချို့ဆိုရင် အရင်ကတော့ မယားကြီးရှိမှန်းမသိဘူး။ သူတို့ ပေါင်းထားတယ်။ ကိုဗစ်ကာလကျတော့ အခြေအနေက တစ်နေရာတည်းမှာပဲ နေရတဲ့အခြေအနေမှာ အရင်တုန်းက မယားကြီးရှိတယ်။ သူတို့ကို လိမ်လည်ပြီးတော့ ကာမလိမ်လည်မှုနဲ့ ပေါင်းထားတာတွေရှိတယ်။ အဲလိုပေါ်လာတာပေါ့နော်“
အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု ခံရပြီဆိုရင် လူမှုရေးရှုထောင့်ကပဲ အများဆုံး ဖြေရှင်းပေးနေမှုတွေရှိပြီး ထိရောက်တဲ့ အရေးယူမှုတွေကတော့ မရှိသလောက်ကို နည်းပါတယ်။
အမျိုးသမီးတွေရဲ့ အကြမ်းဖက်ခံရမှု အခြေအနေတွေကို ဥပဒေပိုင်းအရ လုပ်ဆောင်ပေးနိုင်ဖို့အတွက် ဥပဒေ သီးသန့်ပြဌာန်းဖို့လိုတယ်လို့ ရန်ကုန်မြို့က တရား လွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ သီးသန့်ဥပဒေကတော့ အခုအချိန်ထိ မရှိသေးဘူး။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဥပဒေကြမ်းမှာတော့ အိမ်တွင်းအကြမ်းဖက်မှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ တားမြစ်ချက်တွေတော့ ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုအတွက် ဥပဒေမရှိတာကလည်း အားနည်းချက်တစ်ခုအနေနဲ့ လည်းပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကို အကာကွယ်မပေးတဲ့ အပိုင်းပေါ့နော်။ သီးသန့်ဥပဒေမရှိတာ ကလည်း အားနည်းချက်တစ်ခုအနေနဲ့ ရှိနေတယ်“
အမျိုးသားအများစုဟာ သူတို့စိတ်ဖိစီးမှုဖြေဖျောက်ဖို့အတွက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်တတ်တာကြောင့် ဒါနဲ့ပတ်သက်ပြီး နည်းလမ်းတစ်ခုရှာသင့်ပြီလို့ လူ့အခွင့်အရေးလှုပ်ရှားသူ Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တာကတော့ စိတ်ဖိစီးမှုက အဓိကပါ။ အမျိုးသမီးတွေအပေါ် အကြမ်းဖက် ခံရရင် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးတာတို့ ရှိတယ်။ ဒါပေမဲ့ ပြဿနာကစိတ်ဖိစီးမှုခံရတဲ့ အမျိုးသားတွေကိုတော့ စိတ်ဖိစီးမှုအတွက် ဖြေသိမ့်စရာ အစီအစဉ်မရှိကြဘူး။ အဲဒါတစ်ခုက လိုအပ်နေတဲ့ အချက်ဖြစ်တယ်။ အမျိုးသားတော်တော်များများကလည်း စိတ်ဖိစီးမှုတွေကိုသွားပြီးတော့ နှစ်သိမ့်ဆွေးနွေးတာ မလိုအပ်ဘူးလို့ ထင်ကြတယ်။ ဒီဟာ နှစ်ခုက အဓိကစိန်ခေါ်မှု ဖြစ်နေတယ်“
အိမ်တွင်းအကြမ်းဖက်မှုတွေကို ဥပဒေကြောင်းနဲ့ တရားမျှတမှုရအောင်လုပ်ဖို့ဆိုရင် လူတစ်ဦးချင်း တစ်ယောက် ချင်းက အိမ်တွင်းအကြမ်းဖက်မှုဟာ ပြစ်မှုမြောက်တယ် တိုင်တန်းလို့ရတယ်ဆိုတာ သိနေဖို့လိုတယ်လို့ အိမ်တွင်းအကြမ်းဖက်ခြင်းခံခဲ့ရတဲ့ ရန်ကုန်က အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုဖြစ်စဉ်တွေ ကြုံလာရင် သက်ဆိုင်ရာကို အမြန်ဆုံးတိုင်ကြားကြဖို့ အနုပညာရှင်အချိ့နဲ့ လူမှုကူညီရေးအဖဲွဲ့တွေကလည်း တိုက်တွန်းနေကြပါတယ်။ အမျိုးသမီးတွေအပေါ် ကာကွယ်ပေးနိုင်ဖို့ တိကျ တဲ့ဥပဒေ မရှိသေးတာကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေကို အလွယ်တကူ ကျူးလွန်နေကြတာဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့အစည်းတွေက သုံးသပ်နေကြပါတယ်။