လူ ၁၁ ယောက် သတ်ဖြတ်ခံရတဲ့ ဒုန်းတောရွာတစ်ဝိုက် စစ်တပ်နယ်မြေရှင်းလင်း

2021.12.11
လူ ၁၁ ယောက် သတ်ဖြတ်ခံရတဲ့ ဒုန်းတောရွာတစ်ဝိုက် စစ်တပ်နယ်မြေရှင်းလင်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဆည်ထန်းတောကြီးရွာက လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်စီးသွားတဲ့အိမ်တစ်လုံးကို တွေ့ရစဉ်
Photo: Citizen Journalist

လူ ၁၁ ယောက် သတ်ဖြတ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဒုန်းတောရွာနဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံရွာသားတွေက RFA ကိုပြောပါတယ်။

ဒုန်းတောရွာထဲမှာ အစောင့်ချထားတဲ့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးကျည်နဲ့ အနီးနားရွာတွေကို ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ နေ့ခင်းမှာလည်း ဒုန်းတောရွာ အနီးအနားက ဆည်ထန်းတောကြီးရွာအတွင်း စစ်တပ်က ပစ်ခတ် လိုက်တဲ့ လက်နက်ကြီးကျည်ဆန် ကျရောက်ခဲ့တာကြောင့် ဒေသခံတစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

အဲဒီဒေသမှာ ပစ်ခတ်မှုတွေ နယ်မြေရှင်းလင်းရေးတွေကြောင့် ဒုန်းတောရွာအနီးတဝိုက် ရွာပေါင်း ၁၁ ရွာက ဒေသခံနှစ်သောင်းလောက်ဟာ လုံခြုံတယ်လို့ ယူဆရတဲ့ တခြားရွာတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် စားသောက်ကုန်ဝယ်ယူဖို့တောင် အခက်အခဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"၈ ရက်နေ့က စရှောင်ရတယ်။ ဆန်ကလွယ်တယ်။ ကျန်တဲ့ ဆီတို့က အခက်အခဲ ဖြစ်တယ်။ မုံရွာလည်း သွားလို့မရဘူး၊ ဂျောင်ပိတ်သလို ဖြစ်နေတယ်။ လေထန်ကုန်းက ကွယ်နေတော့ မုံရွာသွားဖို့ အခက်အခဲ ဖြစ်တယ်။ လမ်းဘေးဝဲယာရွာတွေဖြစ်တော့ အချိန်မရွေး တိုက်ပွဲဖြစ်သွားနိုင်တယ်။ သူတို့ဘက်က ခရီး သွားလာတာ ငြိမ်သွားရင်တော့ ရွာတွေပြန်ကပ်လို့ရတယ်။ သူတို့ အသွားအလာလုပ်နေရင်တော့ ပြည်သူ လူထုကို ဒီတိုင်းထားလို့မရဘူ။ မနေ့ကဆိုလည်း ရွာထဲကို လက်နက်ကြီးတွေနဲ့ထုတာ၊ ရေရှည် ဆိုရင်တော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး"

ဒုန်းတောရွာနဲ့ အနီးတစ်ဝိုက်က ဘိန်းနွယ်ချောင်၊ အောင်မိုး၊ မြပင်စည်၊ မြရွှေစည်၊ ရွာသာ၊ ကျေးစာကျ၊ ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ထန်းတောကြီး၊ အုံတုံပင် စတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

yinmarbin-sarlingyi-protest.jpg
၂၀၂၁၊ ဒီဇင်ဘာ ၉ ရက်နေ့ ပြုလုပ်တဲ့ ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းက ရွာပေါင်းစုံသပိတ်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် (Photo: CJ)

ဒုက္ခသည် နှစ်သောင်းလောက်ကို နေရာ ရှစ်နေရာမှာ စခန်းထိုး ခွဲထားပြီးတော့ တချို့ကလည်း လယ်ယာ မြေတွေထဲမှာ တဲထိုးနေနေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တိုးမိရင် အသက်အန္တရာယ်ဘေး စိုးရိမ်ရတာမို့ သူတို့နဲ့ဝေးရာမှာ ရှောင်တိမ်းနေရတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘိန်းနွယ်ချောင်ရွာသား တစ်ယောက်က ပြောပါတယ်။

"ရိက္ခာတွေ နှစ်ပတ်စာစုထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရကနေ ပြောထားတာရှိတယ်။ အဲဒီလို စုဆောင်းပေမယ့် အခြေအနေ အချိန်အခါအရ ကိုယ်စုဆောင်းထားတာကို ကိုယ်နဲ့တစ်ပါတည်း ယူမလာ နိုင်တာလည်း ရှိတယ်။ ရှောင်ရတာအနေအထားခြင်း မတူကြတော့ တချို့ဆိုရင် အဝတ်တစ်ထည် ကိုယ် တစ်ခုနဲ့ လွတ်ရာကိုရှောင်ကြရတယ်။ အဲဒီအတွက် အခက်အခဲက အမျိုးမျိုးရှိတယ်"

စစ်ဘေးဒုက္ခသည်လူဦးရေ များလာနေတဲ့အတွက် လက်ခံထားရတဲ့ ရွာတွေမှာလည်း အခက်အခဲတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

ဒီဒေသမှာ အခုလို ရက်ရှည် စစ်ဘေးရှောင်ရတယ်ဆိုတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ပြောက်ကျားစနစ်နဲ့ စစ်ကောင်စီတပ်သားတွေကို ပြန်လည်ခုခံ တိုက်ခိုက် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"နောင် သားစဉ်မြေးဆက်ထိ ဒုက္ခဆင်းရဲခံ ရှောင်တိမ်းရတာမျိုးမရှိတော့အောင် အားလုံးက ရတဲ့နေရာ၊ ရောက်တဲ့နေရာမှာ ဆက်တော်လှန်ပေးကြပါ"

ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေက ရွာပေါင်းစုံသပိတ်ဦးဆောင်သူ ကိုလွှမ်းသူ ကတော့ ထွက်ပြေး တိမ်းရှောင်နေရင်းနဲ့လည်း စစ်ကောင်စီကို အလျှော့မပေးတော်လှန်နေကြဖို့ တိုက်တွန်းပါတယ်။

"တော်လှန်ရေး သဘောသဘာဝအရ ရှောင်ရမယ်၊ တိမ်းရမယ်။ ရတဲ့နေရာကနေ တော်လှန်ရမယ်။ လက်ရှိ လူထုတစ်ရပ်လုံး ရှောင်နေရတဲ့အခြေအနေမျိုး နောင် သားစဉ်မြေးဆက်ထိ ဒုက္ခဆင်းရဲခံ ရှောင်တိမ်း ရတာမျိုး မရှိတော့အောင် အားလုံးက ရတဲ့နေရာ၊ ရောက်တဲ့နေရာမှာ ဆက်တော်လှန်ပေးကြပါ။ ဒီ ရှောင်တိမ်းမှုဟာ လုံးဝမှ တုန်လှုပ်ခြောက်ခြားစရာ မရှိပါဘူး"

ဒုံးတောရွာတစ်ဝိုက်အပါအဝင် ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ယင်းမာပင်၊ ကနီ စတဲ့ဒေသတွေမှာ အင်တာနက်လိုင်း ဖြတ်တောက်ထားတာ သုံးလလောက်ရှိပါပြီ။ သတင်းအချက်အလက်တွေ အချိန်နဲ့ တစ်ပြေးညီ သိနိုင်ဖို့ ခက်ခဲနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အင်တာနက်လိုင်းတွေဖြတ်၊ သတင်းအမှောင်ချပြီး အဲဒီဒေသမှာရှိတဲ့ ခုခံကာကွယ်ရေး အဖွဲ့ PDF တွေကို ဖိတိုက်နေတာဖြစ်ပါတယ်။ PDF တွေကိုတိုက်ရင်း အရပ်သားပြည်သူတွေ ပစ်သတ်ခံရ၊ မီးရှို့သတ်ဖြတ်ခံရ၊ အိုးအိမ်မီးရှို့ခံရ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဆားလင်းကြီးမြို့နယ်ဘက်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် လတ်တလော ဖုန်းလိုင်းဆက်သွယ်လို့ မရသေးပါဘူး။

အဲဒီဒေသမှာရှိတဲ့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ မုံရွာ-ပုသိမ်လမ်းနဲ့ မုံရွာ-ယင်းမာပင်-ပုလဲလမ်း တို့ကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။