တက္ကသိုလ်တချို့မှာ အဆောင်များ တိုးချဲ့ဖွင့်လှစ်သွားမည်
2013.12.22

ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ စစ်ကိုင်း ပညာရေးတက္ကသိုလ်တွေမှာ ပါရဂူတန်း၊ ဘွဲ့ကြိုတန်းအထိ အဆောင်တွေထားရှိပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာန အရာရှိတွေက ပြောကြားလိုက် ပါတယ်။
တက္ကသိုလ်၊ ကောလိပ်နဲ့ ဒီဂရီကောလိပ်တွေမှာ တက္ကသိုလ်ဆရာ/ဆရာမ၊ ဝန်ထမ်းတွေနဲ့ တက္ကသိုလ်ကျောင်းသား/သူ အဆောင်ထားရှိရေး သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ ကျင်းပရာ မှာ အောက်မြန်မာပြည် အဆင့်မြင့်ပညာရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဇော်မြင့်က ပြောသွားတာပါ။
"၂ဝ၁၃ - ၂ဝ၁၄ ပညာသင်နှစ်က အစပဲပေ့ါ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေရဲ့ အဆောင်တွေမှာ စည်ပင်သာယာ နယ်နိမိတ်ပြင်ပအနေနဲ့ ပထမနှစ် ကျောင်းသားကျောင်းသူတွေကို အဆောင်ထားရှိပေးမှာဖြစ်ပါတယ်၊ ရန်ကုန်ပညာရေးတက္ကသို်လ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်တွေမှာ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ပါရဂူတန်းဘွဲ့ယူတန်းအထိ ကျနော်တို့အဆောင်ပေးနိုင်ပါပြီ"
အဲဒီသတင်းစာရှင်းလင်းပွဲမှာ တက္ကသိုလ်၊ ကောလိပ်နဲ့ ဒီဂရီကောလိပ်ကျောင်း အနီးတစ်ဝိုက်တွေ မှာ ကျောင်းသား/သူတွေအတွက် အဆောင်ထားရှိဖို့၊ ကျောင်းဆောင်ဆောက်လုပ်ရေးကို ပြင်ပလုပ်ငန်း ရှင်တွေက ဆောက်လုပ်ပေးဖို့ဖြစ်ပြီး၊ ကျောင်းသား/သူတွေအတွက် စားရေးသောက်ရေးကိုစီမံပေးဖို့နဲ့ ကျောင်း စည်းကမ်းထိန်းသိမ်းဖို့အတွက်ကိုတော့ တက္ကသိုလ်ကတာဝန်ယူပေးဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
တက္ကသိုလ်၊ ကောလိပ်နဲ့ ဒီဂရီကောလိပ်တွေမှာ ကျောင်းသူကျောင်းသားတွေ အဆောင်နေပညာသင်ကြားခွင့်ကို ၁၉၉၃-၁၉၉၄ ခုနှစ်နောက်ပိုင်းကစပြီး ခွင့်မပြုတာဖြစ်ပါတယ်။
စစ်တွေတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နဲ့ စစ်ကိုင်းတက္ကသိုလ်တွေမှာ လောလောဆယ်မှာ အဆောင်ပေးနိုင်ခြင်းမရှိသေးဘဲ ဒုတိယစာသင်နှစ်ဝက်မှာ အဆောင်ပေးနိုင်ဖို့စီစဉ်နေပြီး အဆောင်လခကို တစ်လ ၅၀၀၀ ကျပ်နဲ့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပထမနှစ်ဝက်မှာ တက္ကသိုလ်ဒီဂရီကောလိပ် ၂၅ ခုအနက် ၂၃ ကျောင်းမှာ အဆောင်တွေထားရှိနိုင်သလို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ အဆောင်လုံးဝမရှိသေးတဲ့ တက္ကသိုလ်သုံးခုအတွက် ကျောင်းသား ၁၆၀ ဦး နေထိုင်နိုင်တဲ့ ကျပ် သန်း ၈၀၀ တန်ဖိုးရှိ အဆောင်သုံးဆောင် ဆောက်လုပ်သွားဖို့ လျာထားတယ်လို့ သိရပါတယ်။