အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းပေးဖို့ သမ္မတထံ စာရေးသား တောင်းဆို


2013.07.03

မြန်မာနိုင်ငံမှာ လူငယ်ထုကြားထဲ အလုပ်လက်မဲ့ဦးရေ များနေတဲ့အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးက သမ္မတ ဦးသိန်းစိန်ထံ မနေ့က စာရေးသားတင်ပြလိုက်ပါတယ်။

အခုလိုတောင်းဆိုရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး ဥက္ကဌ ကိုဇွဲရန်နိုင်က RFA ကို အခုလို ပြောပါတယ်။

"ရန်ကုန်တိုင်းဒေသကြီးရယ်၊ ပဲခူးတိုင်းဒေသကြီးရယ်၊ ဧရာဝတီတိုင်းဒေသကြီးရယ် မြို့နယ် ၁ဝ မြို့နယ်ထက်မနည်းမှာ လူငယ်တွေဟာ ၆ဝ ရာခိုင်နှုန်းလောက် အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ကျနော်တို့ စစ်တမ်းတွေအရ သိရပါတယ်၊ လူငယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းမရှိဘူးဆိုရင် မိသားစုစားဝတ်နေရေးခက်ခဲမယ်၊ ဘဝဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တဲ့အတွက် လူငယ်တွေ အလုပ်အကိုင်အခွင့်အရေးရရှိရေး၊ ရထားတဲ့ဘွဲ့နဲ့ တတ်ထားတဲ့ပညာနဲ့အလုပ် ကိုက်ညီမှုရှိရေးကိစ္စတွေကို ကျနော်တို့ နိုင်ငံတော်သမ္မတကို တင်ပြထားတာပါ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၁ မှာ ပြဌာန်းထားတဲ့ နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်မည် ဆိုတဲ့အချက်ကို အဓိကထားပြီးတော့ ကျနော်တို့တောင်းဆိုထားပါတယ်၊ နိုင်ငံတော်သမ္မဆီကလည်း လူငယ်တွေအတွက် ဆောင်ရွက်ပေးလိမ့်မယ်လို့ ကျနော်တို့ယူဆပါတယ်"

သမ္မတထံ ပေးပို့တောင်းဆိုခဲ့တဲ့ အချက်တွေထဲမှာ လူငယ်တွေအတွက် အသက်မွေးမှုဆိုင်ရာ ပညာရပ်သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးဖို့၊ ဘွဲ့ရပညာတတ်လူငယ်တွေ အလုပ်လက်မဲ့ လျော့နည်းစေဖို့အတွက် ပညာရေးအဆင့်အတန်း မြှင့်တင်ပေးဖို့၊ အလုပ်အကိုင်ရှာဖွေရေးရုံးတွေကို ပြည်နယ်တိုင်းဒေသကြီးတွေမှာဖွင့်ပြီး အလုပ်လက်မဲ့ လူငယ်တွေအတွက် ထိရောက်တဲ့ ဝန်ဆောင်မှုတွေပေးဖို့စတဲ့အချက် ၇ ချက်ကို ထည့်သွင်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးက စစ်တမ်းကောက်ယူမှုကိုပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဧပြီလဆန်းအထိ ရန်ကုန် မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးတစ်ခုစီက အနည်းဆုံးမြို့နယ် ၁ဝ ခုကျော်မှာ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ သူတို့ကောက်ခံရရှိတဲ့ စစ်တမ်းအရ အလုပ်လက်မဲ့ လူငယ် ၆ဝ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။