လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တရားဝင်မှတ်ပုံတင်မည်
2013.09.16

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လာမယ့်နှစ်လအတွင်း တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သွားမယ်လို့ သိရပါတယ်။
၈ လေးလုံး အရေးတော်ပုံကာလနောက်ပိုင်း ကျောင်း သားလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ အဲဒီလိုမှတ်ပုံတင်နိုင်ဖို့အတွက် အစိုးရအဖွဲ့တာဝန်ရှိသူတွေအပါအဝင် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်နဲ့ပါ တွေ့ဆုံဆွေးနွေး ခဲ့ြပီးဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က RFA ကို အခုလို ပြောပါတယ်။
“ကျနော်တို့ ပါတီမှတ်ပုံတင်ရေးနဲ့ ပတ်သက်လို့ ရက်အတိအကျ မသတ်မှတ်ရသေး ဘူး၊ လောလောဆယ်တော့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဆွေးနွေးတဲ့အခါကျတော့ ကျနော်တို့ကို အချက် ၆ ချက်ပေါ့နော် သူတို့ကတိပေးထားပါတယ်၊ ကျနော်တို့ကတော့ တည်ဆဲဥပဒေအရ ပါတီကိုမှတ်ပုံတင်ရမှာဖြစ်ပါတယ်၊ မှတ်ပုံတင်နိုင်ဖို့အတွက်ကို ရွေးကောက်ပွဲကော်မတီနဲ့လည်း နှစ်ကြိမ်တိတိတွေ့ပြီးပါပြီ ”
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၁၉၉ဝ ရွေးကောက်ပွဲအပြီး နောက်ပိုင်း တရားဝင်ပါတီအဖြစ်မှ ပယ်ဖျက်ခံရြပီး ထိုင်း-မြန်မာနယ်စပ်ကို ပြောင်းရွှေ့အခြေစိုက်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။