ဒေါက်တာအောင်မိုးညို ထောင်သုံးနှစ် ထပ်ချခံရ၊ ထောင်ဒဏ် ၂၄ နှစ်ရှိလာ
ထောင် ၂၁ နှစ် ချမှတ်ခံထားရတဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို မကွေးအကျဉ်းထောင် အထူးတရားရုံးက မေလ ၂၅ ရက် မနေ့က ထောင်ဒဏ်သုံးနှစ် ထပ်ချလိုက်တယ်လို့ ဒေါက်တာအောင်မိုးညိုရဲ့ ရှေ့နေ ဦးမြင့်အောင်က RFA ကို ပြောပါတယ်။
“ဒေါက်တာ အောင်မိုးညိုကို ပွင့်ဖြူမြို့နယ်တရားရုံး တရားသူကြီးကနေ သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ - ၂၅ အရ အလုပ်နဲ့ ထောင်သုံးနှစ် ချလိုက်တာပါ။ အရင်ရှိနေတာက ၂၁ နှစ်။ အခု သုံးနှစ်ပေါင်းတော့ ၂၄ နှစ် ဖြစ်သွားတာပေါ့နော်။ သူကတော့ ဒီလိုချမယ်ဆိုတာ သိထားတော့ သိပ်မခံစားရပါဘူးတဲ့။ ကျန်းမာရေးလည်း ကောင်းပါတယ်”
ကိုဗစ်ကာလ ပွင့်ဖြူမြို့နယ်မှာကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အောင်နိုင်ရေးစုရုံးပွဲတစ်ခုကို တက်ရောက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၂၅ နဲ့ စွပ်စွဲခံရပြီး အခုလို ထောင်ချခံရတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ မကွေးထောင်ထဲမှာ အထူးတရားရုံးဖွင့်ပြီး သက်ဆိုင်ရာ မြို့နယ် တရားသူကြီးတွေက အမှုစစ်ဆေးပြီးနောက် ဒေါက်တာအောင်မိုးညိုတို့ကို အခုလို ထောင်ဒဏ်တွေ ချမှတ်နေတာလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၅ အတွက် တစ်မှုကို သုံးနှစ်စီနဲ့ ခြောက်မှုအတွက် ၁၈ နှစ်၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅(ခ) အတွက် အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ်၊ ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၇၁(စ) နဲ့ ထောင်ဒဏ် တစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံထားရတာပါ။
အသက် ၆၀ ကျော်နေပြီဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ လာဘ်စားမှု ကင်းရှင်းသူတစ်ဦးဖြစ်တယ်လို့ သူ့ရဲ့မိတ်ဆွေတွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက RFA ကို ပြောဆို ထားပါတယ်။
ဒေါက်တာအောင်မိုးညိုဟာ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်နဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဖြစ်ခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတိုင်းမှာ NLD ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။