ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ အဂတိအမှု ထောင်မှာစစ်ဆေး

2021.10.07
ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ အဂတိအမှု ထောင်မှာစစ်ဆေး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို ၂၀၁၇ ခုနှစ်က တွေ့ရစဥ်
Photo: Aung Moe Nyo's Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာအောင်မိုးညိုအပေါ်  စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ အမှုကို အောက်တိုဘာလ ၆ ရက် မနေ့ကစပြီး မကွေးထောင်ထဲမှာ စစ်ဆေးခဲ့တယ်လို့ ရှေ့နေဦးမြင့်အောင်က RFA ကို ပြောပါတယ်။

ကိုဗစ်ကြောင့် ရုံးတွေပိတ်ထားချိန်အတွင်း မကွေးအကျဉ်းထောင်ထဲမှာ ပုံမှန်ပြုလုပ်နေတဲ့ ထောင်တွင်း တရားစီရင်ရေးလုပ်ငန်းတွေကိုပါ သုံးလနီးပါးအထိ စစ်ကောင်စီက ရပ်နားထားခဲ့တာပါ။

မနေ့ကပြန်စတဲ့ရုံးချိန်းမှာ ဒေါက်တာအောင်မိုးညိုအပေါ် စွပ်စွဲထားတဲ့ အဂတိအမှုအတွက် တရားလို နေပြည်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးရေးမှူး ဦးမိုးကျော်လွင် ကို စတင် စစ်ဆေးခဲ့ပါတယ်။

ဒီအမှုဟာ စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်က NLD ပါတီအောင်နိုင်ရေးအတွက်ပေးတဲ့ သိန်း ၅၀၀ ကို ဒေါက်တာအောင်မိုးညို လက်ခံရယူကာ ဦးချစ်ခိုင်ပိုင် Denko ဆီဆိုင်မြေနေရာအတွက် လယ်ယာမြေကနေ အခြားနည်းသုံးစွဲခွင့် ချပေးခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာလို့ ဒေါက်တာအောင်မိုးညိုရဲ့ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

“အဂတိအမှုက ပခုက္ကူက Denko ဆီဆိုင်အတွက် မြေနေရာကိစ္စပါ၊ လယ်ယာမြေ အသုံးပြုခွင့်ပုံစံ လန ၃၀ ကို ခွင့်ပြုမိန့်ပေးရာမှာ Denko ကုမ္ပဏီနဲ့ ဧဒင်ကုမ္ပဏီ ဥက္ကဌ ဦးချစ်ခိုင် ကနေပြီးတော့မှ မကွေးတိုင်း NLD ပါတီ အောင်နိုင်ရေးအတွက် သိန်း ၅၀၀ လှူပါတယ်ဆိုပြီးတော့ တရားစွဲတာပါ” လို့ ဦးမြင့်အောင်က ဆိုပါတယ်။

မနေ့ကရုံးချိန်းမှာ တရားလိုဖြစ်သူကိုသာ စစ်ဆေးနိုင်ခဲ့ပြီး အပြန်အလှန်မေးခွန်းတွေမေးဖို့ စွပ်စွဲခံရသူ ဒေါက်တာ အောင်မိုးညိုနဲ့ စကားမပြောရသေးတဲ့အတွက် နောက်ရုံးချိန်းမှာစစ်ပေးဖို့ တောင်းခံတဲ့အခါ တရားရုံးကလည်း အောက်တိုဘာလ ၁၈ ရက်နေ့ကို ရုံးချိန်းထပ်ပေးလိုက်တယ်လို့ ဦးမြင့်အောင် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းပြန်ဖြစ်ခဲ့တဲ့ ဇူလိုင်လတုန်းက ဒေါက်တာအောင်မိုးညိုပါ ကိုဗစ်ကူးစက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နေမကောင်းဖြစ်တာတော့မှန်ကန်ပြီး ကိုဗစ် ဟုတ်/မဟုတ်ကိုတော့ သေချာမမေးရသေးဘူးလို့ ရှေ့နေကဆိုပါတယ်။

ဒေါက်တာ အောင်မိုးညိုဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းတာကို လက်မခံကြောင်းနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကိုထောက်ခံကြောင်းပြောဆိုခဲ့တာ၊ အာဏာသိမ်းပြီးနောက်ပိုင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံရတာတွေကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရပါတယ်။

အဲဒီအပြင် ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလက မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ထဲမှာပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေး အခမ်းအနားနဲ့ ရွေးကောက်ပွဲအနိုင်ရပြီး ပွင့်ဖြူမြို့နယ်ထဲက ရွာသုံးရွာမှာပြုလုပ်တဲ့ အောင်ပွဲအခမ်းအနားတွေကို တက်ရောက်ခဲ့တာကြောင့်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေနဲ့ပါ ထပ်မံအရေးယူခံထားရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒေါက်တာအောင်မိုးညိုနဲ့အပြင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးလင်းထွဋ်နဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံတို့ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။