အမျိုးသား စာပေဆုရ စာရေးဆရာ ဒေါက်တာ အောင်ခင်ဆင့် ကွယ်လွန်
2018.10.03
ရှစ်လေးလုံး အရေးတော်ပုံ လှုပ်ရှားမှုမှာ ကျန်းမာရေး ဝန်ထမ်းများသမဂ္ဂ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အမျိုးသားစာပေဆုရ စာရေးဆရာ ဒေါက်တာ အောင်ခင်ဆင့်ဟာ ရန်ကုန်မြို့မှာ မနေ့ညက ကွယ်လွန်သွားခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပြီး အောက်တိုဘာလ ၄ ရက်နေ့ညနေ ၄ နာရီမှာ ဆရာကြီးရဲ့ ဈာပနကို ရေဝေးသုဿန်မှာ သဂြိုၤဟ်မယ်လို့ သိရပါတယ်။
ဒေါက်တာ အောင်ခင်ဆင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး အမျိုးသားညီလာခံ ကျင်းပနေ ချိန်မှာ ညီလာခံကို ဝေဖန်ပြောဆိုတာတွေရှိတာကြောင့် ၁၉၉၃ ခုနှစ်မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသူလည်းဖြစ် ပါတယ်။
ဆရာကြီး ဒေါက်တာ အောင်ခင်ဆင့်ဟာ ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးပညာဌာနမှာ လက်ထောက် ညွှန်ကြားရေးမှူး တာဝန်ယူဆောင်ရွက်နေချိန်က ရှစ်လေးလုံး အရေးတော်ပုံမှာ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ထမ်းများ သမဂ္ဂ၊ ရန်ကုန်ဆေးရုံးကြီးနဲ့ ရန်ကုန်ဆေးရုံဝန်ထမ်းများ သမဂ္ဂတွေမှာ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ တာကြောင့် အငြိမ်းစားပေးခြင်း ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
ဆရာကြီးကို ၁၉၃၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ပခုက္ကူမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး ရန်ကုန်ဆေးတက္ကသိုလ်မှာ ဆေးပညာဘွဲ့ကိုရရှိခဲ့ပြီး ဗြိတိန်နိုင်ငံ မန်ချက်စတာစီးတီးတက္ကသိုလ်က ပြည်သူ့အကျိုးပြု ဆေးပညာ ပါရဂူဘွဲ့ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံဆရာဝန်အသင်းမှာ တွဲဖက်အတွင်းရေးမှူးနဲ့ အတွင်းရေးမှူးတာဝန်တွေကို ထမ်းဆောင်ခဲ့ ပါတယ်။
ဒေါက်တာ အောင်ခင်ဆင့် ရေးသားတဲ့ ကျန်းမာရေး အထောက်အကူပြုစာအုပ်ဖြစ်တဲ့ "ကာကွယ်၍ ကုသနည်း" ဆေးပညာစာအုပ်နဲ့ ၁၉၇၂ ခုနှစ်မှာ အမျိုးသားစာပေဆုကို ရရှိခဲ့သူဖြစ်ပါတယ်။
သူဟာ ရေဒီယို၊ သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကနေ ဆေးပညာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရေးသားအသိပညာပေးခဲ့တဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောကြပါတယ်။