ဒေါက်တာအေးမောင် အယူခံဝင်မည်
2019.03.21

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက် စေမှုတို့နဲ့ စစ်တွေခရိုင်တရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် တရားလွှတ်တော်ကို အယူခံဝင်သွားမယ်လို့ ရခိုင့်ဦးဆောင်ပါတီက ပြောပါတယ်။
ခရိုင်တရားရုံးက ပြီးခဲ့တဲ့မတ်လ ၁၉ ရက်နေ့က ချလိုက်တဲ့အမိန့်ကို တရားဝင်ကူးယူခွင့် လျှောက်ထားပြီး ခွင့်ပြုရင် ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး အယူခံဝင်သွားမယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဗဟိုစည်းရုံးရေး ကော်မတီဝင် ဦးအောင်သန်းေ၀ က RFA ကို ပြောပါတယ်။
ရခိုင့်ဦးဆောင်ပါတီကို ဒေါက်တာအေးမောင်က တည်ထောင်ဖို့ ကြိုးစားနေချိန်မှာပဲ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှုပုဒ်မတွေနဲ့ တရားရင်ဆိုင်ခဲ့ရပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ က ရသေ့တောင်မြို့မှာ ကျင်းပတဲ့ ဟောပြောပွဲတစ်ခုမှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးကိစ္စကို ထည့်သွင်းဟောပြောခဲ့တယ်ဆိုပြီး အစိုးရက ဖမ်းဆီးတရားစွဲဆိုခဲ့ပြီးနောက် နိုင်ငံတော်ပုန်ကန်မှုအတွက် ထောင်ဒဏ် နှစ် ၂၀၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုအတွက် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။