ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီး

RFA Burmese
2024.04.18
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
KBC

စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဧပြီလ ၁၇ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားတယ်လို့ KBC တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က မြစ်ကြီးနားအကျဉ်းထောင်ကနေ ဧပြီလ ၁၇ ရက် နေ့လယ် ၁ နာရီခန့်မှာ ပြန်လည်လွတ်မြောက်လာပြီး ည ၁၀ နာရီခန့်မှာ စစ်တပ်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ KBC တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဘာကြောင့်ပြန်ဖမ်းသွားတယ်ဆိုတာကိုလည်း မသိရဘူး။ ဒီညနေလောက်တော့ သိရမလား မသိဘူး။ ဖမ်းတာက မနေ့ည ၁၀ နာရီကျော်လောက်မှာ ဖမ်းသွားတာ”

မနေ့ကညက လာရောက်ဖမ်းဆီးတာမှာ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့အပြင် သူ့ရဲ့ ဇနီးနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင်တစ်ယောက်ကိုပါ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားသူတွေကို မြစ်ကြီးနားအကျဉ်းထောင်ရဲ့ ရိပ်သာမှာ ချုပ်နှောင်ထားတယ်လို့ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် မတရားသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) အမှုသုံးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။