USDP က ကန့်ကွက်မည်
2017.04.06

နိုင်ငံတာ်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပိုင်မီဒီယာကနေ အစိုးရတစ်နှစ်ပြည့် မိန့် ခွန်းပြော ကြားရာမှာ ပြည်သူနဲ့အတူဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် မဲဆွယ်စည်းရုံးတဲ့ပုံစံမျိုးနဲ့ ပြောကြား ခဲ့တဲ့အတွက် ဥပဒေနဲ့မညီဘူးဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ကန့်ကွက်တင်ပြသွားမယ်လို့ ပြောပါတယ်။
မနေ့က နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ အခုလိုဆုံးဖြတ်ခဲ့တာလို့ ပါတီရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ နန္ဒာလှမြင့် က ပြောပါတယ်။
‘’ပြောင်းလဲချိန်တန်ပြီ”ဆိုတာ သူတို့ရဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြောခဲ့တဲ့စကားလုံး၊ ဒါတွေကိုတော့ ပြင်ဆင်သင့်ဖို့ အချိန်ရောက်ပြီ “ပြည်သူနဲ့အတူ” ဆိုပြီးတော့မှ ဒါက ပါတီရဲ့ ဆောင်ပုဒ်ဗျ၊ ပါတီမဲဆွယ်တဲ့ ပုံစံမျိုးတွေ၊ ပြည်ထောင်စုအဆင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က မီဒီယာကနေ ပြောတာက ဥပဒေနဲ့မညီဘူး၊ နောင်တစ်ခါ NLD နာယကနဲ့ အတွင်းရေးမှူးကလည်း နိုင်ငံပိုင်မီဒီယာကနေပြီးတော့မှ ပါတီရဲ့အလံတွေ၊ တံဆိပ်တွေကို သုံးပြီးတော့မှ ရွေးကောက်ပွဲမတိုင်ခင် တစ်ရက်အလိုမှာ ဘာမှမဲဆွယ်စည်းရုံး လှုပ်ရှားမှု မရှိရဘူးဆိုတဲ့နေ့မျိုးကျမှ ပါတီနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေ၊ နိုင်ငံပိုင်မီဒီယာကနေ ဆောင်ရွက်သွား တယ်၊ အဲလိုအကြီးအကဲတွေက ဥပဒေနဲ့အညီပဲ ဆောင်ရွက်စေချင်တယ်၊ ကျနော်တို့ အစိုးရလက်ထက်မှာ အလွဲသုံးစားမလုပ်ခဲ့သလို လက်ရှိအစိုးရကိုလည်း အလွဲသုံးစား မလုပ်စေချင်ဘူး၊ ဥပဒေနဲ့မညီညွတ်တဲ့အတွက် ကော်မရှင်ကိုတင်ပြသွားမယ်လို့ ပြောတာ’’
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ မတ်လ ၃၀ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အစိုးရရဲ့ တစ်နှစ်တာ ပြောကြားတဲ့မိန့်ခွန်းထဲမှာ "ပြည်သူနဲ့အတူ" ဆိုတဲ့ ဆောင်ပုဒ်ဟာ ပါတီမဲဆွယ်ပေးတဲ့ပုံစံမျိုးနဲ့ ပြောကြားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလိုမှာ ဘယ်ပါတီကမှ မဲဆွယ်စည်းရုံး တာမျိုးတွေကို မလုပ်ရဆိုပြီး ရွေးကောက်ပွဲဥပဒေမှာ ပါရှိထားပါတယ်။ NLD နာယက သူရဦတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်တို့ကလည်း မတ်လ ၃၁ ရက်နေ့က နိုင်ငံပိုင်မီဒီယာကနေ ပါတီမဲဆွယ်တဲ့အနေနဲ့ ဖော်ပြချက်တွေကိုလည်း ကန့်ကွက်မှာဖြစ်တယ်လို့ ပြောပါတယ်။
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ပြည်လုံးလစ်လပ်မဲဆန္ဒနယ် ၁၉ ခုရှိရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၉ နေရာ အနိုင်ရခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂ နေရာ အနိုင်ရရှိခဲ့ပါတယ်။