ဒေါက်တာညိုညိုသင်း မဲဆွယ်ရာမှာ အနှောင့်အယှက်များ ကြုံတွေ့ရ
2015.10.16

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရာမှာ နှောင့်ယှက်တားဆီးမှုတွေ ခံနေရကြောင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း က ပြောပါတယ်။
ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာ အတွက် ဗဟန်းမြို့နယ်မှာ မဲဆွယ်တဲ့အခါ ဗီနိုင်းပိုစတာတွေ ဖျက်ဆီးခံရတာတွေရှိတယ်လို့ ဒေါက်တာညိုညိုသင်း က ပြောပါတယ်။
"စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီးတော့ ကျမတို့ရဲ့မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေအပေါ်မှာ အနှောင့် အယှက်ပြုတာတွေ၊ ဗီနိုင်းတွေနေရာအနှံ့အပြား ချိတ်ထားတဲ့ဟာတွေကို ညအချိန်မတော်ပေ့ါနော် လူခြေတိတ် တဲ့အချိန်မှာ ဆွဲခွါတာတွေ၊ ဖျက်ဆီးတာတွေ နောက်တစ်ခါ ဗီနိုင်းဆိုင်းဘုတ်ကြီးတစ်ခုဆိုလို့ရှိရင် ပျက်စီးသွား တဲ့အထိ ဖျက်ဆီးခံရတာတွေ ဒါတွေရှိလာခဲ့ပါတယ်"
ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းနဲ့ အာဇာနည်လမ်းထဲမှာ စိုက်ထူထားတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဗီနိုင်း ပိုစတာ ၂ဝ ခန့် ဖျက်ဆီးဖြုတ်ချခံခဲ့ရတာကို ရွေးကောက်ပွဲကော်မရှင်နဲ့ ဗဟန်းမြို့နယ် ရဲစခန်းကို အောက်တိုဘာလ ၁၄ ရက်နေ့က တိုင်ကြားထားတယ်လို့ ဒေါက်တာညိုညိုသင်း အောင်နိုင်ရေး ကော်မတီက ပြောပါတယ်။
ဒါ့အပြင် ဗဟန်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ပါတီကြီးတစ်ခုရဲ့ မဲဆွယ်စည်းရုံးရေး စာအုပ်မှာ ဒေါက်တာညိုညိုသင်းနဲ့ ပတ်သက်ပြီး မမှန်ကန်ဘဲ ရေးသားထားတဲ့ အချက်တွေ ပါဝင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒေါက်တာ ညိုညိုသင်းက အခုလို မဲဆွယ်စည်းရုံးရေးမှာ နှောင့်ယှက်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူတွေ က နှောင့်ယှက်တယ်ဆိုတာ ထုတ်မပြောလိုသေးဘူးလို့လည်း ပြောသွားပါတယ်။