NLD ကိုယ်စားလှယ် ဦးထွန်းမြင့် နဲ့ တော်ဝင်နှင်းဆီ ဦးစိုးညွန့် တို့ကို ဒေါက်တာညိုညိုသင်း တရားစွဲ


2015.11.25
dr-nyonyothin-candidte-620.jpg စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရေတာရှည်လမ်းသစ်က ရွေးကောက်ပွဲအောင်နိုင်ရေး ရုံးခန်းဖွင့်ပွဲမှာ ဒေါက်တာညိုညိုသင်းကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးထွန်းမြင့်နဲ့ တော်ဝင်နှင်းဆီစားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်တို့ကို  မမှန်မကန်စွပ်စွဲရေးသား ထားတဲ့ လက်ကမ်းစာစောင်ဖြန့်ဝေမှုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက ဗဟန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။

တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့် ထုတ်ဝေခဲ့တဲ့ လက်ကမ်းစာစောင်မှာ သူနဲ့ပတ်သက်ပြီး မမှန်မကန်ရေးသားထားတာတွေ ပါနေတဲ့အတွက်ကြောင့် တရားစွဲတာလို့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

"ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးတဲ့အချိန်တုန်းက အောက်တိုဘာလဆန်းမှာ တော်ဝင်နှင်းဆီဆိုင် ဦးစိုးညွန့် အောင်နိုင်ရေးအဖွဲ့က အန်တီ့အပေါ်မှာ မမှန်မကန်စွပ်စွဲရေးသားချက်တွေ ရေးပြီးတော့ ဗဟန်းတစ်မြို့နယ်လုံးကို ဖြန့်တယ်လေ၊ အဲ့စာအုပ်ထဲမှာပါတဲ့ တချို့ကိစ္စတွေက အန်တီလုံးဝမသိသေးတာ၊ ဥပမာအားဖြင့် ဥပဒေအရ အရေးတကြီးဖြေရှင်းဖို့လိုတဲ့ အချက်တွေပါနေတယ်"

"ဘာကြောင့် ဦးထွန်းမြင့်ကို မဲပေးရပါသလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်ကမ်းစာစောင်ကို ဦးစိုးညွန့်က ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်စည်းရုံးစဉ်က ဖြန့်ဝေခဲ့တာလို့ သိရပါတယ်။

အဲဒီထဲမှာ ဦးစိုးညွန့်က လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုေ၀ ကို ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ငွေကျပ် ၁၀ သိန်းလှူဒါန်းခဲ့ကြောင်းနဲ့ အန်အယ်လ်ဒီပါတီရဲ့ ထောက်ခံ အားပေးမှုနဲ့ အဲဒီရွေးကောက်ပွဲတုန်းက ဗဟန်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာညိုညိုသင်းနဲ့ ဦးမြင့်ကြည် တို့ လွှတ်တော်တွင်းကို ရောက်ရှိခဲ့ကြောင်း ရေးသားထားတယ်လို့ ပါရှိကြောင်း ဒေါ်ညိုညိုသင်းက ပြောပါတယ်။

အဲဒီလက်ကမ်းစာစောင်ကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ ဦးစိုးညွန့်က ဗဟန်းမြို့နယ်ထဲမှာ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာညိုညိုသင်းရဲ့ တိုင်ကြားမှုကို ဗဟန်းမြို့နယ် ရဲစခန်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ နဲ့ အမှုဖွင့်ထားပြီး တိုင်ကြားခံရသူတွေထံ တရားဝင် အကြောင်းကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒေါက်တာညိုညိုသင်း ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

NLD ကိုယ်စားလှယ် ဦးထွန်းမြင့် ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။