ဒေါ်အောင်ဆန်းစုကြည် ပြောကြား ချက် စောင့်ကြည့်လေ့လာမယ် လို့ ဒေါက်တာတူးဂျာ ပြောကြား
2015.10.01

ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ပြောကြားမယ့်စကားတွေကို သူ့အနေနဲ့ စောင့်ကြည့်လေ့လာ မယ်လို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောကြားလိုက်ပါတယ်။
ဒေါက်တာမနမ်တူးဂျာကို မြစ်ကြီးနားမြို့က သူ့ရဲ့နေအိမ်မှာ RFA က တွေ့ဆုံမေးမြန်းရာမှာ သူက အခုလိုပြောကြား ခဲ့တာပါ။
"ကျနော်က သူ့ကိုမလာနဲ့လိုလည်း ပြောလို့မရဘူးလေ၊ ဒါက ဒီမိုကရေစီခေတ်ရောက်တယ် ဆိုတဲ့အခါကျတော့ သူ့ပါတီကိစ္စ သူလုပ်စရာရှိတာလုပ်မှာပဲ၊ ဒါပေမဲ့ သူ့ရဲ့လာပုံလာနည်းကို ကျနော်စောင့်ကြည့်မယ်၊ သူ့လာပုံလာ နည်း ပြောပုံပြောနည်းတွေက သူက ကချင်ပြည်နယ်ကို လက်ဝါးကြီးအုပ်ချင်နေတဲ့ ပုံစံမျိုးဆိုလို့ရှိရင် ကျနော် လက်မခံဘူး၊ ကချင်ပြည်နယ်မှာရှိတဲ့ ပါတီတွေနဲ့ သဟဇာတဖြစ်မယ်၊ အပေးအယူမျှမျှတတ လုပ်ဆောင်သွား ချင်တဲ့ ဆန္ဒရှိရင်ဆိုရင် ကျနော်တို့လက်တွဲလို့ရတယ်၊ ဒီကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ မူတည်တယ်လို့ ပြောချင်တယ်"
ဒါ့အပြင်သူက လက်ရှိပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအကြား သဘောထားကြီးဖို့လိုကြောင်း၊ နှစ်ဘက်စလုံးအနေနဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့လိုကြောင်းလည်းပြောကြားလိုက်ပါတယ်။
ဒေါက်တာ မနမ်တူးဂျာကို ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။