စီမံကိန်းအကောင်အထည်ဖော်ဖို့ ဒေါက်တာ ဝင်းမြတ်အေး မောင်တော သွားရောက်


2017.10.16
dr-winmyataye-maungtaw-622.jpg ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို မောင်တောမြို့နယ် မြောက်ပိုင်းက ခုံတိုင်မြိုတိုင်းရင်းသားကျေးရွာသစ် ပန္နရိုက်အခမ်းအနားမှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားပေးရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဖို့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့ဟာ မောင်တောမြို့နယ် က လောင်းဒုံ နတလကျေးရွာ၊ ခုံတိုင်မြိုတိုင်းရင်းသားကျေးရွာနဲ့ ပန်းတောပြင်ကျေးရွာတွေကို ဒီနေ့သွားရောက်ခဲ့ ပါတယ်။

ရိက္ခာထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို ဆောင်ရွက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်ထောင်စုစီမံကိန်းကို စတင်တာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လောင်းဒုံ နတလ ကျေးရွာမှာ ဒေသခံတွေနဲ့တေ့ွဆုံစဉ် ပြောကြားခဲ့ပါတယ်။

"လူနည်းစုတိုင်းရင်းသား ဥပမာ မြို၊ ဒိုင်းနက် တို့က လူနည်းစု အဲ့လူနည်းစုတွေရဲ့ ဖွံ့ဖြိုးမှု  ၁ဝ တန်း အောင်တဲ့လူ မရှိဘူး၊ ပညာသိပ်မတတ်ကြဘူး၊ ဘွဲ့မရဘူး၊ ကျန်းမာရေးစောင့်ရှောက်ခံရမှုနည်းတယ်၊ သွားရေးလာရေးမှာ ခက်ခဲနေတယ်၊ ဒါတွကို အင်တိုက်အားတိုက် တပြိုင်နက်တည်းလုပ်ပေးရမယ်၊ အဲ့ကိစ္စတွေဆောင်ရွက်ဖို့ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ ဦးဆောင်ပြီးတော့ အထူးဆောင်ရွက်ပေးဖို့ စီမံကိန်းကြီးတစ်ခုချမှတ်လိုက်တယ်၊ အဲ့စီမံကိန်းကြီးကတော့ ပြည်ထောင်စုစီမံကိန်းလို့ခေါ်တယ်၊ ပြည်ထောင်စု စီမံကိန်းမှာ ဘာပါလဲဆိုတော့ ရိက္ခာထောက်ပံ့တဲ့ကိစ္စပါတယ်၊ ပြန်လည်နေရာချထားတဲ့ကိစ္စပါတယ်၊ ပညာရေး ကျန်းမာရေး လူမှုရေး နေရေးထိုင်ရေး ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စပါတယ်၊ ဒီသုံးချက်ကို အဓိကထားပြီးတော့ ဆောင်ရွက်မှာဖြစ်တယ်"

အဲဒီစီမံကိန်းကို မနေ့က စတင်ရေးဆွဲဆောင်ရွက်တာဖြစ်ပြီး နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၅ ခုက အစိုးရအဖွဲ့တွေ၊ ပြည်သူတွေက ရခိုင်ပြည်နယ်အရေးကို ပူးပေါင်းကူညီမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အလုပ်အကိုင်ရရှိဖို့၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုပြီးရရှိအောင် ဆောင်ရွက်ဖို့ လုပ်ငန်းတွေ ကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဒေသခံတွေကို ရှင်းပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးမှာ ပါဝင်လှူဒါန်းနိုင်မယ့် ဘဏ်စာရင်း နှစ်ခုကို အစိုးရက မနေ့ညက ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု၊ အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားပေးရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းမှာ ဥက္ကဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူဆောင်ရွက် မှာ ဖြစ်ပါတယ်။

လမ်းတွေဖောက်လုပ်ဖို့အတွက် လုပ်သားလိုအပ်ချက်တွေ ရှိတာကြောင့် ရွာသူရွာသားတွေ ပါဝင်ဆောင်ရွက်ပေးဖို့၊ အဲဒီအတွက် ထောက်ပံ့ငွေပေးအပ်မှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် နေအိမ်မီးရှို့ခံခဲ့ရတဲ့ ခုံတိုင်မြိုတိုင်းရင်းသားတွေအတွက် နေအိမ်အလုံး ၄၀ ကျော် ဆောက်လုပ်ဖို့လည်း စတင်နေပြီဖြစ်ပါတယ်။

ပန်းတောပြင် မွတ်စလင်ကျေးရွာကို ရောက်ရှိချိန်မှာလည်း အစိုးရက အကောင်အထည်ဖော်တဲ့ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု၊ အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားပေးရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းမှာ အပြုသဘောဆောင်တဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဝိုင်းဝန်းကူညီပေးဖို့ ဒေါက်တာဝင်းမြတ်အေး က တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ ခရီးစဉ်အတွင်း ရောက်ရှိခဲ့တဲ့ ကျေးရွာတွေမှာ ဆန်၊ ဆီ၊ အာလူး စတဲ့အခြေခံစားသောက်ကုန်တွေ ပေးအပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။