ဒုက္ခသည်လွှဲပြောင်းရေး စနစ်တကျဖြစ်ဖို့ ရွှေ့ဆိုင်းတာလို့ ဝန်ကြီးပြော


2018.11.19
dr-winmyataye-622.jpg UEHRD ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို ၂၀၁၈၊ နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်က မြတ်မင်္ဂလာ ဟိုတယ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အခမ်းအနားအပြီးမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

နှစ်နိုင်ငံ သဘောတူညီချက်အရ စနစ်တကျ ပြန်လည်လွဲှပြောင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်ရေးကို ရွှေ့ဆိုင်းလိုက်တာဖြစ်ကြောင်း UEHRD ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောလိုက်ပါတယ်။

နေပြည်တော်က မြတ်မင်္ဂလာ ဟိုတယ်မှာ ဒီနေ့ ညနေပိုင်းက ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ UEHRD ဒုတိယ ဥက္ကဋ္ဌ နဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို RFA က မေးမြန်းရာမှာ အဲဒီလို ဖြေကြားလိုက်တာဖြစ်ပါတယ်။

ဒုက္ခသည် ပြန်လည်လွဲှပြောင်းရေး စတင်မယ်လို့ ကြေညာထားတဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က အစီအစဉ် ပျက်သွားပြီးနောက်ပိုင်း မြန်မာအစိုးရဘက်က ဒါပထမဆုံးအကြိမ် မီဒီယာတွေကို ပြန်လည်ဖြေကြားတာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါက်တာ ဝင်းမြတ်အေးက သဘောတူစာချုပ်အတိုင်း ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစိတ်ချစွာ စနစ်တကျ ပို့ဆောင်တဲ့နည်းလမ်းကို မြန်မာအစိုးရဘက်က ဖြစ်စေလိုကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က အခုလို ရွှေ့ဆိုင်းလိုက်တာဟာ ပြည့်စုံဖို့အတွက် သူတို့ဘက်က ဆက်လက်ဆောင်ရွက်ရဦးမယ်ဆိုတာ သိသွားတဲ့အတွက် ရွှေ့ဆိုင်းလိုက်တဲ့သဘောဖြစ်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး မိမိတို့ရဲ့ အလိုဆန္ဒနဲ့အညီ ပြန်လာချင်တဲ့လူတွေကိုသာ မြန်မာအစိုးရဘက်က လက်ခံမှာဖြစ်ပြီး ပြန်မလာချင်တဲ့ လူတွေကို လက်ခံလို့မရကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်စာချုပ်မှာပါတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးမူအရ အစိုးရက ဆောင်ရွက်မှာဖြစ်ကြောင်း ဆက်ပြောပါတယ်။

မြန်မာအစိုးရဘက်ကတော့ စနစ်တကျ ပြန်ပို့တဲ့ပုံစံဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို ဒီဇင်ဘာလကုန်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က မွတ်စလင်ဒုက္ခသည်တွေ ပြန်ပို့ရေးကို ဒီဇင်ဘာလကုန်ကို ရွှေ့ဆိုင်းထားပေမယ့် မြန်မာအစိုးရဘက်ကတော့ ပြင်ဆင်ထားပြီးဖြစ်ကြောင်းနဲ့ ဒုက္ခသည်စခန်းတွေကနေ လှေနဲ့ ခိုးထွက်တဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးခက်ခဲတဲ့ အခြေအနေတွေကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဖြေကြားခဲ့ပါတယ်။

RFA -"ကျောက်တန်းကနေ စစ်တွေကို ပြန်ပို့လိုက်တဲ့ ဒုက္ခသည် ၁၀၆ ဦးကို ပြန်လည်နေရာချထားရေး ဘယ်လိုစီစဉ်ထားလဲ"

ဒေါက်တာ ဝင်းမြတ်အေး - "သူတို့က စိစစ်လိုက်တဲ့အခါကျတော့ ရွာက ၄၀ ရှိတယ်၊ စစ်တွေ ဒုက္ခသည်စခန်းက ၆၆ ယောက်ရှိတယ်ဆိုတော့ သူနေ့ရာသူ ပြန်ရောက်သွားတာပေါ့။"

RFA- သူတို့က လူကုန်ကူးခံရတာလား။

ဒေါက်တာ ဝင်းမြတ်အေး - အဲဒါတွေက စိစစ်ဆောင်ရွက်နေတာတွေ လုပ်တဲ့အဖွဲ့က လုပ်ပါတယ်။ ကျနော်တို့ လူမှုဝန်ထမ်းကပါတာကတော့ ပြန်လည်နေရာချထားရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့တာတို့၊ သူတို့နေရာပြန်ရောက်အောင် စီစဉ်ဆောင်ရွက်တဲ့နေရာမှာ လိုအပ်တဲ့ ပံ့ပိုးကူညီမှုပေးတာတို့ လုပ်ခဲ့တာ။ အသေးစိတ်ကိုတော့ မသိဘူးဗျ။

RFA- စစ်တွေက ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ နည်းပါးတယ်လို့ ပြောသံကြားတယ်။ ထွက်ပြေးတာတွေကလည်း လူကုန်ကူးခံရတာတွေ ရိက္ခာ အခက်အခဲတွေကြောင့်လို့ ပြောတယ်။

ဒေါက်တာ ဝင်းမြတ်အေး - စခန်းတွေနဲ့ ပတ်သက်ရင် ကျနော်တို့ ပူးပေါင်းဆောင်ရွက် ကူညီနေတာတွေရှိတယ်။ တစ်နိုင်ငံလုံးက ဒုက္ခသည်စခန်းတွေကို လူကယ်ပြန်ဝန်ကြီးဌာနက ဆောင်ရွက်နေတာရှိတယ်။ အထူးသဖြင့် စစ်တွေက ဒုက္ခသည်စခန်းတွေကိုတော့ ပြည်နယ်အစိုးရက တာဝန်ယူဆောင်ရွက်နေတယ်။ ကျနော်တို့က ပြည်နယ်အစိုးရကို ထောက်ပံ့တာတွေရှိတယ်။ ကျန်တဲ့ စစ်တွေမြို့ပေါ်က စခန်းတွေက နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ရတုန်းပဲခင်ဗျ။ ဒါတွေက ရှိနေပါတယ်။ လုံလောက်မှုမရှိဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေလည်း ကျနော်တို့ အားလုံး ပူးပေါင်းပါဝင်ပံ့ပိုးဖို့ ဆောင်ရွက်နေတာရှိပါတယ်။

RFA - ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို ဒီဇင်ဘာလကုန်အထိ ရွှေ့လိုက်တဲ့အပေါ်မှာ ဘာများပြောချင်ပါသလဲ။

ဒေါက်တာ ဝင်းမြတ်အေး - ကျနော်တို့က စနစ်တကျ ဆောင်ရွက်ချင်တယ်၊ စနစ်တကျဆိုတာ နှစ်နိုင်ငံ သဘောတူထားတဲ့ စာချုပ်ထဲမှာ ပါတဲ့အတိုင်း ဆောင်ရွက်ချင်တယ်၊ အဲ့စာချုပ်ထဲမှာ စနစ်တကျ ပြန်လည် ပို့ဆောင်တဲ့ နည်းလမ်းကို ကျနော်တို့က ကြိုက်တယ်၊ ဥပမာ ဘေးကင်းလုံခြုံရေးနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးဖြစ်ဖို့ကို ကြိုက်တယ်၊ ရွှေ့ဆိုင်းလိုက်တယ်ဆိုတာ အဲဒါပြည့်စုံဖို့ကို ဆက်ပြီးတော့ ဆောင်ရွက်ရအုံးမယ်ဆိုတာ တစ်ဘက်နိုင်ငံက သိသွားတာပေါ့နော်၊ တကယ်တမ်း ကျနော်တို့ လိုချင်တာ ကလည်း အဲ့ဒါမျိုးဖြစ်ဖို့ကို အလိုရှိတယ်၊ ဘာလို့လည်းဆိုတော့ ပြန်လာချင်တဲ့ သူများကို ကျနော်တို့က လက်ခံမယ်၊ ပြန်မလာချင်တဲ့သူတွေကို လက်ခံလို့မရဘူး၊ ဘာကြောင့်လည်းဆိုတော့ သဘောတူညီချက်မှာလည်း ရှိပြီးသား နေရပ်စွန့်ခွာသွားတဲ့သူတွေကို ပြန်လည်လက်ခံတဲ့ မူကလည်း ရှိပြီးသား၊ အဲ့အတိုင်းမူက လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေနဲ့အညီ ဆောင်ရွက်မှာမို့လို့ တကယ်ပြန်လာချင်လား၊ ပြန်မလာချင်လား ဆိုတဲ့ဟာက အလွန်အရေးကြီးပါတယ်၊ အဲ့အတွက်ကိုလည်း UNHCR၊ UNDP နဲ့ MOU ထိုးထားတာရှိတယ်၊ အဲကနေ သူတို့ ပြန်လည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အဲ့ကျရင် ကျနော်တို့ ပြန်လည်လက်ခံမှာဖြစ်ပါတယ်၊ တစ်ဘက်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့ပုံစံအရဆိုရင် ဒီဇင်ဘာလကုန်ပိုင်းလောက် မှာ ပြန်စနိုင်မယ်၊ သူတို့ ရွေးကောက်ပွဲတွေ ပြီးမှပဲ လုပ်မယ်လို့ပြောပါတယ်၊ ဒါလည်း နှစ်နိုင်ငံက ညှိနှိုင်းဆောင်ရွက်ရတာဖြစ်တာမို့ သူတို့ကနေ ဒုက္ခသည်တွေ ပြန်ပို့မှ လက်ခံလို့ရတာ၊ ပြန်ပို့တဲ့ အခါမှာလည်း စနစ်တကျ ပြန်ပို့ခြင်းကို ကျနော်တို့က မျှော်လင့်တယ် တိုက်တွန်းတယ်၊ ဒါကိုပဲ ကျနော်တို့က ဆောင်ရွက်ထားတာဖြစ်ပါတယ်

တဆက်တည်းမှာပဲ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က အလေးထား အကောင်အထည်ဖော်နေတယ်လို့လည်း ဖြေကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က ပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။