မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ တိုက်တွန်း
2016.11.20

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မွတ်ဆလင်တွေပါ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ မောင်တောမြို့နယ်က မွတ်ဆလင်ကျေးရွာတွေကို သွားရောက်စဉ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောခဲ့တာဖြစ်ပါတယ်။
"သူတို့ ကျနော်တို့နဲ့တွေ့တယ်၊ တွေ့တဲ့အခါကျတော့ ကျနော်တို့ကလည်း ပြောပြတယ်၊ တည်ငြိမ်မှ တိုးတက် မှာဖြစ်တယ်၊ ဒါကြောင့် တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုတယ်လို့ပြောတော့ ကျနော်တို့နဲ့ တွေ့တဲ့လူတိုင်းကတော့ သူတို့ ကြိုးစားဆောက်ရွက်မယ်လို့ ပြောပါတယ်"
မောင်တောဒေသမှာ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ထားပြီးဖြစ်တာကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ စိုးရိမ်စိတ် မလွန်ကဲဖို့ ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ပါတယ်။
မောင်တောမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ် အစိုးရက တည်ငြိမ်မှုရအောင် ကြိုးစားနေ ဆဲမှာပဲ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ တပြိုင်တည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဟာ မနေ့က စစ်တွေမြို့ကိုရောက်ရှိလာ ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် အကူအညီပေး ဖို့ ငွေကျပ် သိန်း ၇၀၀ ကို ရခိုင်ပြည်နယ်အစိုးရကနေတစ်ဆင့် ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီကနေ့မှာ မောင်တောမြို့နယ် ပန်းတောပြင်၊ ဘဂုံးနား၊ ဂေါ်ဒူသာရ၊ ဥဒေါင်း မွတ်ဆလင် ကျေး ရွာတွေနဲ့ အောင်ဇေယျ၊ အောင်သာယာ၊ အောင်မင်္ဂလာ စတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေမှာ ဆန်၊ ပဲ၊ ဆား စတာတွေကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။