အဂတိလိုက်စားမှု တိုင်ကြားစာတွေ ဖောင်းပွနေကြောင်း ဒေါက်တာ ဇော်မြင့်မောင်ပြော
2019.05.11

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ အဖွဲ့ဖြစ်ကြောင်းနဲ့ လက်ရှိအချိန်မှာ တိုင်ကြားစာတွေ ဖောင်းပွနေကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ တိုင်စားပေါင်း ၁၆၇၇ စောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ထံ တိုင်ကြားထားသလို အစိုးရအဖွဲ့ကို ပို့ထားတဲ့ တိုင်ကြားစာတွေလည်း အများအပြားရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဒီနေ့ဖွင့်လှစ်ရာမှာ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကတော့ ကော်မရှင်က ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို အထိုက်အလျောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာဟာ နိုင်ငံတော် သမ္မတကြီးနဲ့ အစိုးရအဖွဲ့အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ရေချိန်မြင့်မားလာတာကြောင့် ဖြစ်ကြောင်းပြောပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးခန်းကို မန္တလေးမြို့၊ တမ္ပဝတီရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ ဗာဂျီးနီးယားစက်ရုံဝင်း၊ ကွင်းအမှတ် ၄၀၇ မှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
မန္တလေးမြို့မှာ ရုံးခွဲစတင်ဖွင့်လှစ်တဲ့ ဒီနေ့မှာပဲ အဂတိလိုက်စားမှုကော်မရှင်ကို တိုင်ကြားစာပို့ဖို့ လာရောက်စောင့်ဆိုင်းနေသူတွေ ရှိပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မန္တလေးတိုင်း ဒေသကြီးရုံးခွဲကို မန္တလေးမြို့၊ တမ္ပဝတီရပ်ကွက်မှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားတာတွေ ခေတ်စားနေပြီး တိုင်ကြားမှုတွေဟာ ဖောင်းပွနေကြောင်း မန္တလေးတိုင်း ရုံးခွဲဖွင့်ပွဲကို တက်ရောက်လာတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
"ကော်မရှင်က ဖွံဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ အဖွဲ့ဖြစ်ပါတယ်။ ထိန်းကြောင်းပေးတာ၊ တည့်မတ်ပေးတာပေါ့။ အခုတော့ တော်တော်များများ ဒီကော်မရှင်ကို ကြောက်ကြပါတယ်။ ကိုယ့်ဘက်က သန့်ရှင်းနေရင် ကြောက်စရာမရှိပါဘူး။ မန္တလေးတိုင်းဒေသကြီးမှာ တိုင်စာပေါင်း ဥက္ကဋ္ဌကြီးတို့ဆီရောက်တာ ၁၆၇၇ စောင်ရောက်တယ်။ ပြန်ပို့တာက ၁၆၈ စောင်၊ အဂတိမမြောက်တာကို အစိုးရကို ပြန်ပို့ပါတယ်။ တစ်ဆိတ်ရှိ အကုန်တိုင်ကြတယ်။ တိုင်စာတွေက ပုံကိုနေတာ။ တိုင်းအစိုးရမှာလည်း ပုံနေတယ်"
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲကို မန္တလေးမြို့မှာ ဖွင့်လှစ်တာကို ကြိုဆိုကြောင်းလည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကလည်း ကော်မရှင်က ဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
"ကော်မရှင်က ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းကို အထိုက်အလျောက် အောင်မြင်အောင် ဆောင်ရွက်ခဲ့တာဟာ နိုင်ငံတော် သမ္မတကြီးနဲ့တကွ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံရေး စိတ်ဆန္ဒပြင်းပြမှုနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု နိုးကြားတာ ရေချိန်မြင့်မားလာတာကြောင့်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်"
မန္တလေးမြို့မှာ ရုံးခန်းဖွင့်ထားပေမယ့် ကော်မရှင်အစည်းအဝေးနဲ့ ဆုံးဖြတ်တာတွေကိုတော့ နေပြည်တော်မှာပဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးရေးကိစ္စတွေနဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ သိချင်တာတွေ မေးမြန်းစုံစမ်းတာတွေ၊ ရှင်းလင်းတာတွေကို မန္တလေးရုံးက လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး နီးစပ်ရာ တိုင်းနဲ့ပြည်နယ်တွေက လာရောက်တိုင်ကြားနိုင်တယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်က ပြောပါတယ်။
ချမ်းမြသာစည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးကလည်း လုပ်ငန်းရှင်တွေအနေနဲ့ အဂတိလိုက်စားမှုကို အားပေးတာတွေ မလုပ်မိဖို့ မေတ္တာရပ်ခံတယ်လို့ ပြောပါတယ်။
"ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို သွားဖို့ဆိုတာကလည်း နိုင်ငံဝန်ထမ်းတွေလည်း အဂတိကင်းဖို့လိုသလို ပြည်သူတွေအနေနဲ့ကလည်း အဂတိကို မလိုက်စားမိအောင်လို့ မလုပ်ဖို့လိုတယ်။ တစ်ခါတလေကျ ဝန်ထမ်းတွေကို လုပ်ငန်းရှင်တွေက ပေးတာရှိတော့ ယူမိရင် အဂတိမြောက်တာပေါ့။ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်လုပ်ဖို့နဲ့ လုပ်ငန်းရှင်တွေကလည်း အဂတိအားပေးမှု မလုပ်မိဖို့ကိုလည်း မေတ္တာရပ်ခံလိုပါတယ်"
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ မန္တလေးမှာ ဖွင့်ပွဲကျင်းပနေချိန်မှာပဲ တိုင်စာပေးဖို့အတွက် ရုံးရှေ့မှာ စောင့်ဆိုင်းနေကြတာတွေလည်း ရှိပါတယ်။
ဆုံးရှုံးနစ်နာမှုတွေ တိုင်ကြားနိုင်ဖို့မျှော်လင့်တယ်လို့ တိုင်စာပေးဖို့ စောင့်ဆိုင်းနေသူတစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်က ပြောပါတယ်။
"ကျနော်တို့အနေနဲ့ တရားမျှတစွာ လုပ်ပေးမယ်လို့ ယုံကြည်လို့ လာခဲ့တာပါ"
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးဖွင့်ဖို့အတွက် စက်မှုဝန်ကြီးဌာနက မြေယာကို လွဲပြောင်းယူခဲ့တာဖြစ်ပြီး ပရိဘောဂပစ္စည်းတွေကိုတော့ PRLM-INGO အဖွဲ့က အကူညီပေးခဲ့တာလို့ သိရပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးဟာ ရန်ကုန်မြို့ပြီးရင် ဒုတိယမြောက်ဖွင့်လှစ်တဲ့ ရုံးခွဲဖြစ်ပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။