ဒေါက်တာ ဇော်မြင့်မောင် ထောင်ဒဏ်လေးနှစ် ချမှတ်ခံရ

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဒီဇင်ဘာလ ၈ ရက် ဒီနေ့မှာ အကျဉ်းထောင်တွင်းတရားရုံးက ထောင်ဒဏ် လေးနှစ် အမိန့်ချမှတ်လိုက်ပါတယ်။
အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှုတွေထဲက အများပြည်သူအကျိုး ပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ စွဲဆိုထားတဲ့ အမှုနှစ်မှုအတွက် နှစ်နှစ် ချမှတ်ခံရတာပါ။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မနှစ်ခုအတွက် တစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချမှတ်လိုက်တဲ့အတွက် စုစုပေါင်း ထောင်ဒဏ်လေးနှစ် ကျခံရမှာ ဖြစ်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက RFA ကိုပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို အခုလို တရားစွဲဆို အမိန့်ချနေတာဟာ နိုင်ငံရေးသိက္ခာကို မှေးမှိန်သွားအောင် လုပ်နေတဲ့သဘောက ပိုများတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝါရင့်ရှေ့နေတစ်ဦးက ပြောပါတယ်။
"တရားစီရင်ရေးမဏ္ဍိုင်က တည်ဆဲဥပဒေတွေနဲ့အညီ ဥပဒေမှာပါတဲ့အတိုင်း မှန်မှန်ကန်ကန် ဆုံးဖြတ်မယ် ဆိုရင် ဒီလိုအမှုတွေက ပြစ်ဒဏ်ချမှတ်ဖို့ ခဲယဉ်းတဲ့အမှုမျိုးတွေပါ။ ဘာကြောင့်လဲဆိုတော့ ပြစ်မှုပြစ်ဒဏ် ပေးရတယ် ဆိုတာ ပြစ်မှုကို ရည်ရွယ်ချက်ရှိရှိ ပါဝင်ကျူးလွန်မှ၊ အဲဒီလိုမဟုတ်ဘူး ကိုယ်တိုင်လည်း ပါဝင်ခြင်းမရှိဘူး၊ ပြစ်မှုကျူးလွန်ခြင်းလည်း မရှိဘူး၊ အားထုတ်ခြင်းလည်းမရှိဘူး၊ ကူညီအားပေးခြင်းလည်း မရှိဘူးဆိုခဲ့ရင် ဘာအကြောင်းနဲ့မှ သူ့ကို အပြစ်ပေးလို့မရဘူး။ အကြမ်းဖျင်း ဖြစ်စဉ်တွေကိုကြည့်ရင် ဥပဒေအနေနဲ့သုံးသပ်ရင် တိမ်းစောင်းမှုရှိတယ်လို့ သုံးသပ်လို့ရပါတယ်"
ဒီကနေ့ အမိန့်ချမှတ်ခံရတဲ့ အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(ခ) အမှုဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၇ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု့ဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် နှစ်ခုအပေါ်မှာ မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးက လက်ထောက်ညွန်ကြားရေးမှူး ဒေါ်နွယ်နီခိုင်က တရားလိုလုပ်ပြီး စွဲဆိုခံထားရတာပါ။
အဲဒီကြေညာချက်တွေထဲမှာ နိုင်ငံတော်ရဲ့ ဥပဒေပြုအာဏာဟာ ပြည်သူက ရွေးကောက် တင်မြှောက်ထား သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH မှာသာတည်ရှိပြီး စစ်ကောင်စီမှာ မရှိကြောင်း၊ သမ္မတ ဦးဝင်းမြင့် အစိုးရကသာ တရားဝင်အစိုးရ ဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၂၅/၃၀ (က) အမှုကတော့ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း ကိုဗစ်ကာလမှာ မန္တလေးကျုံးထောင့်မှာ ပြုလုပ်ခဲ့တဲ့ ကိုဗစ်အသိပညာပေး အခမ်းအနားကို လူစုလူဝေးနဲ့ ပြုလုပ်ခဲ့တယ်ဆိုပြီး အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ဒုတိယမြို့နယ်မှူး ဦးစိုးမြင့်အောင်က တရားလိုပြုလုပ်ပြီး စွဲဆိုခဲ့တာပါ။
ဒေါက်တာ ဇော်မြင့်မောင်ကတော့ အများပြည်သူ အကျိုးကိုပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅(ခ) အမှုနဲ့ပတ်သက်ပြီး သူဖမ်းဆီး ထိန်းသိမ်းခံထားရချိန်မှာ ထုတ်ပြန်တဲ့ ကြေညာချက်တွေဖြစ်လို့ သူ့အနေနဲ့ အဲဒီကိစ္စကို မသိကြောင်းတရားရုံးမှာ ထုချေခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။
အလားတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၂၅/၃၀ (က) အမှုမှာလည်း သူဟာ ဝန်ကြီးချုပ် အနေနဲ့ ပွဲကို တက်ခဲ့တာမဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနက ကျင်းပတဲ့ပွဲကို ကိုဗစ် ကာကွယ်ကုသထိန်းချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌအနေနဲ့ တက်ရောက်ခဲ့တာဖြစ်လို့ အပြစ်မရှိကြောင်း ထုချေ ခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နောက်ထပ်ရင်ဆိုင်ရမယ့် အမှု ခုနှစ်မှုထဲမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့စွဲဆိုခံထားရတဲ့ အမှုငါးမှုလည်းပါဝင်ပါတယ်။ အဲဒီအမှုတွေဟာ သူတာဝန် ထမ်းဆောင် စဉ်က ပါတီရုံး မြေနေရာကိစ္စဆောင်ရွက်ရာမှာ အဂတိလိုက်စားမှု၊ အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ကနေ ဆေးကုသ စရိတ်အတွက် လက်ခံခဲ့မှု၊ ရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်ဩဇာသုံးမှု စတာတွေ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ သာစည်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟကတော့ အခုစွပ်စွဲချက်တွေဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ပြောပါတယ်။
“ အမှုတွေကို စစ်တဲ့အခါမှာလည်း နောက်ဆုံးအချိန်ထိ တရားဥပဒေနဲ့မညီပဲ ဇွတ်ထောင်ချတယ်။ ဒီကစ္စကတော့ သူတို့ အာဏာဆက်သိမ်းချင်လို့ ဒီနေရာအတွက်လိုချင်လို့ ထောင်ချတာပေါ့ “
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ သမ္မတ ဦးဝင်းမြင့်က ဒုတိယဥက္ကဋ္ဌ (၁) နဲ့ ဒေါက်တာဇော်မြင့်မောင်က ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က နေပြည်တော် အထူးတရားရုံးကနေ ထောင်ဒဏ် လေးနှစ်စီချမှတ်ခဲ့ပြီး အဲဒီနေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီဥက္ကဋ္ဌက ပြစ်ဒဏ်တွေကို ထက်ဝက်စီလျော့ချပေးခဲ့ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး အမရပူရ မြို့နယ်က ယှဉ်ပြိုင်အနိုင်ရခဲ့ပေမယ့် စစ်တပ်ကဖမ်းဆီးပြီး အင်းစိန်ထောင် စစ်ခုံရုံးကနေ ကနဦး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသလို အခြားထပ်တိုးအမှုတွေနဲ့ ထောင်ဒဏ် ၃၇ နှစ်အထိ ချမှတ်ခံခဲ့ရတဲ့ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားတစ်ဦးလည်း ဖြစ်ပါတယ်။
အကျဉ်းထောင်က ပြန်လွတ်လာပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျောက်ပန်းတောင်းမြို့နယ်၊ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ အမရပူရမြို့နယ်ကနေ အသီးသီး အနိုင်ရရှိခဲ့ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိမှာ ကင်ဆာဝေဒနာကို ခံစားနေရပြီး ကျန်းမာရေး မကောင်းတဲ့အတွက် သီးသန့်ထားပြီး ကုသမှုရစေချင်တယ်လို့ ဒေါက်တာဇော်မြင့်မောင် အနိုင်ရရှိခဲ့ အမရပူရ မဲဆန္ဒနယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
“ ကျန်းမာရေးမကောင်းတော့ သီးသန့်ဆောင်မှာဖြစ်ဖြစ်၊ ထားစေချင်တယ်။ ဆေးဝါးကုသမှု အလုံလောက် ရစေချင်တယ်။ အပြစ်မရှိတဲ့သူကို ဥပဒေမဲ့ အမိန့်ချနေတော့ ဘာမှ ပြောချင်စိတ်လည်း မရှိဘူး။ တရားမျှတမှု မရှိတော့ သူတို့က စာရွက်နဲ့ အမိန့်ချနေတော့ ပြောလည်းအလကားပါပဲ။ အမိန့်ချချင်တိုင်း ချနေမှာပဲ”
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မိသားစုကို စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ အာဏာသိမ်း စစ်ကောင်စီက နေအိမ်အကျယ်ချုပ် ချထားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ ဒေါက်တာ ဇော်မြင့်မောင်ကို အိုးဘိုအကျဉ်ထောင်ကို ပို့ဆောင်ပြီး မိသားစုကိုတော့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့အတူ အစိုးရအဖွဲ့ဝန်ကြီးတွေဖြစ်တဲ့ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆည်မြောင်း ဝန်ကြီး ဒေါက်တာစိုးသန်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ် နဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ ဟာလည်း အိုးဘို အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထား ရပါတယ်။