ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်း တင်သွင်းမည်


2019.02.11
thaungaye-usdp-622.jpg ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ လက်မှတ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကို ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက အမြန်ဆုံး တင်သွင်းသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ဒီနေ့ ပြောလိုက်ပါတယ်။

အဲဒီကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လက်ရှိ အခြေခံဥပဒေ အခန်း ၁၂ ပါ ပြင်ဆင်ချက်တွေနဲ့ မညီဘဲ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအဆိုအပေါ် လက်မခံသူတွေ ပါဝင်မယ်လို့လည်း ပြောပါတယ်။

ပုဒ်မ ၄၃၃ နဲ့ ပုဒ် ၄၃၄ ပါ ပြဌာန်းချက်တွေအရ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက ပြင်ဆင်တဲ့မူကြမ်းကို တင်သွင်းတဲ့အခါ ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမယ်လို့ ပါရှိတာဖြစ်ပါတယ်။

အဲဒီမူကြမ်းမှာ ဘယ်လိုအချက်တွေကို ပြင်ဆင်မယ်ဆိုတာကို ပြောဆိုနိုင်ခြင်းမရှိသေးကြောင်းလည်း ဦးသောင်းအေးက ပြောပါတယ်။

ဦးသောင်းအေး ဦးဆောင်ပြီး လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့မူကြမ်းကို ပြည်ထောင်စု လွှတ်တော် နာယက ထံ ဒီနေ့ တင်သွင်းလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဦးသောင်းအေးကတော့ ငြင်းဆိုလိုက်ပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွ့ဲစည်းဖု့ိ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က အရေးကြီးအဆို တင်သွင်းအပြီး နှစ်ပတ်ခန့်အကြာမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်နိုင်တဲ့ ပြဌာန်းချက်တွေနဲ့အညီ တင်သွင်းမှာ ဖြစ်တယ်လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး က ပြောပါတယ်။

"လက်ရှိလုပ်နေတဲ့ အနေအထားက ပြင်ဆင်ဖို့ ကော်မတီဖွဲ့နေတာ ဖြစ်တဲ့အတွက် နည်းဥပဒေနဲ့ မကိုက်ညီဘူး၊ အဲဒီတော့ ဥပဒေအညီသွားဖို့အတွက် ဒီဟာက ဥပဒေနဲ့ညီတဲ့ လမ်းကြောင်းကနေ သွားနိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ အဲဒီသွားပြီဆိုရင်တော့ အခြေအနေအသေးစိတ်ကို ပြောပြပေးပါမယ်။ လုပ်ရမယ်ဆိုတဲ့ ဥပဒေရှိပြီးသား အမိန့်ရှိပြီးသားဆိုတော့ ဒီ ဥပဒေအမိန့် အတိုင်းသွားပြခြင်းဟာ ကောင်းမွန်တဲ့ ဒါဥပဒေကျင့်သုံးမူကို ဖော်ဆောင်ခြင်းပဲ"

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း ၁၂ မှာ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တခြားအဆိုတွေမပါဘဲ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက တင်ပြလာရင် ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမယ်လို့ ပြဌာန်းထားတာပါ။

ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက အခုလိုပြင်ဆင်တဲ့ ဥပဒေမူကြမ်းတင်သွင်းမယ်လို့ ပြောကြားလိုက်တာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး က အခုလိုပြောပါတယ်။

"ဥပဒေအရကတော့ ၂၀ ရာခိုင်နှုန်းအရက သူတို့မှမဟုတ်ဘူး မည်သူမဆို ဘယ်သူမဆို ၂၀ ရာနှုန်းလိုအပ်တယ်။ ကျွန်တော်တို့ ပူးပေါင်းကော်မတီကြီး ဖွဲ့စည်းဖို့ လုပ်နေတယ်ဆိုတာကလည်း All inclusive ပေါ့ အားလုံးပါဝင်ပြီးတော့မှ ဘယ်အချက်ပြင်သင့်တယ်ဆိုတာကို အရင် လေ့လာစမ်းစစ်မှာပေါ့ဗျာ။ အဲဒီမှာမှ ထွက်လာတဲ့ အချက်တွေကိုမှ တစ်ခါ လွှတ်တော်ထဲမှာ ဆွေးနွေးမယ်။ ဆွေးနွေးပြီးတဲ့အခါကျတော့မှ အဲဒီပြင်ဆင်တဲ့မူကြမ်းကို သွားရမှာပဲ ၊ ပြင်ဆင်တဲ့မူကြမ်းသွားတဲ့ အခါကျရင်တော့ အဲဒီပူးပေါင်းကော်မတီကနေပြီးတော့ တိုက်ရိုက်တင်လိုက်လို့ မရဘူးဗျ ။ ၂၀ ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ်များက သဘောတူလက်မှတ် ထိုးပြီးတော့မှ တင်ရမှာ"

ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၄၁ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇ ရာခိုင်နှုန်း ဝန်းကျင်ရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ၂၀ ရာခိုင်နှုန်းပြည့်ဖို့အတွက် အင်န်အယ်လ်ဒီပါတီ တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကို လက်မခံသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဦးသောင်းအေးက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အဆင်သင့်ရှိတယ်လို့လည်း ကိုယ်စားလှယ် ဦးသောင်းအေး က ပြောပါတယ်။

"ဥပဒေကြမ်းတွေက အများကြီးရှိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာ ယခင် ၅ နှစ်တာ ကာလကတည်းကလည်း ဆောင်ရွက်ထားတာတွေရှိတယ်။ ကိုယ်တပ်မတော်ထဲမှာနေတုန်းကလည်း ရေးထားတာတွေရှိတယ်။ ဆွေးနွေးထားတာတွေရှိတယ်။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့လည်း ဖွဲ့စည်းပုံမှာ ပြင်သင့်ပြင်ထိုက်တာတွေ ပြင်ဖို့အတွက် ပြင်ဆင်ထားတာတွေရှိတယ်။ ဥပဒေကြမ်းအရ တင်ဖို့ကိစ္စပဲ ဆက်လုပ်သွားရမှာဖြစ်ပါတယ်"

ပြင်ဆင်တဲ့မူကြမ်းမှာ ဘယ်လိုအချက်တွေ ပါဝင်မလဲဆိုတာကိုတော့ ဦးသောင်းအေးက ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

လတ်တလောမှာတော့ ဖဲ့ွစည်းပုံပြင်ဆင်ရေးမှာ လူထုဆန္ဒခံယူပွဲ ကျင်းပစရာမလိုဘဲ တပ်မတော်က လက်ခံနိုင်မယ့် ပြဌာန်းချက်အဖြစ် သတင်းတွေ ထွက်ပေါ်နေတာကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ပိုင်ခွင့်ရှိတဲ့ ပုဒ်မ ၂၆၁ ပဲ ဖြစ်ပါတယ်။

"အမှန်ကတော့ ဒါရှင်းရှင်းလေးပါ။ အခုဆို ရခိုင်မှာ ပြဿနာ တော်တော်တက်တယ်။ ရှမ်းမှာ ပြဿနာ တော်တော်တက်တယ်။ သက်ဆိုင်ရာပါတီက မဲအများကြီးနိုင်တယ်။ ဒါပေမဲ့လည်း အစိုးရက ချပေးထားဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာပါတီနဲ့ သက်ဆိုင်ရာလွှတ်တော်နဲ့ ပြဿနာ အမြဲတမ်းဖြစ်တယ်။ ဒါကို ပြေလည်သွားဖို့ဆိုရင်တော့ ပြင်တော့ပြင်သင့်တာပေါ့လေ။ သူ့ရဲ့ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်ရမှာပေါ့။ ဖြစ်သင့်တဲ့အနေအထားကို ကျွန်တော်တို့က ဒါတော့ စဉ်းစားမိပါတယ်"

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ဇန်နဝါရီလ ၃၀ရက်နေ့က သတင်းမီဒီယာတွေကို ဖြေကြားခဲ့တာကို ကြားခဲ့ရတာပါ။

ဒီပြဌာန်းချက်ကို ပြင်ဆင်ဖို့လည်း တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေက ဆန္ဒရှိနေကြတာဖြစ်ပါတယ်။

အင်န်အယ်လ်ဒီပါတီက တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီအရေးကြီးအဆိုကို တပ်မတော်သားတွေက မဲမပေးဘဲ မတ်တပ်ရပ် ကန့်ကွက်ခဲ့သလို အဆိုကိုလည်း ပါဝင်ဆွေးနွေးတာ မရှိခဲ့ပါဘူး။

ဒါ့အပြင် ပူးပေါင်းကော်မတီဖွဲ့စည်းရေး အစည်းအဝေးမှာ ပါဝင်ရမယ့် ကိုယ်စားလှယ်အချို့နဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေကြောင့် ပြန်လည်ညှိနှိုင်းရဦးမယ့် အခြေအနေ ဖြစ်ပါတယ်ခင်ဗျာ။

 

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။