ဒုတပ်ချုပ်ရောက်နေချိန် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ

RFA Burmese
2024.04.09
ဒုတပ်ချုပ်ရောက်နေချိန် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Photo: RFA

မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ကို စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်နေချိန် ဧပြီလ ၈ ရက်နေ့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Alpha Bats Drone Force ထုတ်ပြန်ပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံတစ်ဦးကလည်း အခုလိုတိုက်ခိုက်ခံရတာမှန်ကန်ကြောင်းနဲ့ ညပိုင်းမှာ လက်နက်ကြီးသံတွေကိုပါ ကြားရတယ်လို့ RFA ကို ပြောပါတယ်။

“ညကတော့ သုံးချက်၊ လေးချက်လောက် ကြားရတယ်။ ဘယ်ကနေ ပစ်နေလဲတော့ သေချာမသိဘူး။ ကြားရသလောက်တော့ လက်နက်ကြီးသံပဲ။ ကျွန်မ အိမ်ကတံခါးတွေ ခါသွားတယ်”

ဧပြီလ ၉ ရက်နေ့မှာတော့ မော်လမြိုင်မြို့က လမ်းဆုံလမ်းခွတွေနဲ့ ကြာအင်းရွာနေရာတွေမှာ စစ်ကောင်စီတပ်က စစ်ဆေးမှုတွေလုပ်နေတယ်လို့ သူကဆိုပါတယ်။

အခုတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဧပြီလ ၈ ရက်နေ့က တစ်ရက်တည်းမှာပဲ မန္တလေးတိုင်း ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ် (DSA) ကို မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၄ ရက်နေ့ကတော့ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က စစ်ရုံးချုပ် (ကက-ကြည်း) နဲ့ အေလာလေတပ်နေရာတွေကို NUG လက်အောက်ခံတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။