ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ဟိုပုံးမြို့နယ်က ရွာသားတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ
2024.02.16

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၅၀ ကျော်အရွယ် ပေါ့အုံး ဆိုသူဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားသုံးဦးကတော့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်ပိုင်း ရွာထဲကနေ တော်လှန်ရေးအဖွဲ့တွေ ဖြတ်သန်းသွားတာကို သတင်းရတယ်ထင်တယ်။ စစ်ကောင်စီက မြို့ပြင်မှာ ရှိနေတာ။ အဲဒါ ဒရုန်းနဲ့ ဗုံးကြဲပစ်တာ အိမ်ထဲမှာ စစ်ဘေးရှောင်ဖို့ဆိုပြီး ထိုင်စကားပြောနေကြတဲ့ လူတွေ ထိကုန်တာ။ တစ်ယောက်က သေသွားတယ် သုံးယောက်ထဲမှာ တစ်ယောက်က ခြေထောက်ထိတာ ဖြတ်ရမယ်ထင်တယ်”
အဲဒီရွာဟာ အိမ်ခြေ တစ်ထောင်နီးပါရှိတဲ့ ရွာကြီးတစ်ခုဖြစ်ပြီး ဟိုပုံးမြို့နဲ့ ၁၅ မိုင်လောက် ဝေးပါတယ်။ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ရွာသားတွေ စစ်ဘေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့လည်း ဆိုပါတယ်။
ကျေးရွာကော်မတီ တာဝန်ရှိသူတွေကတော့ ဒေသခံတွေကို ရွာကနေ မထွက်သွားဖို့ လိုက်လံတားမြစ်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရှမ်းပြည်နယ် စစ်ကောင်စီပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာလည်း မရှိပါဘူး။
စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ပြောခွင့်ရသူကလည်း ကျောက္ကဆျားရွာမှာ စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။
အခုလ ၁၄ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ် ပဆျားကလို ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ PNLA က ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီဘက်က ပအိုဝ်းဒေသကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်လို့လည်း PNLA ပြောခွင့်ရသူက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ ပအိုဝ်းဒေသ ဟိုပုံး နဲ့ ဆီဆိုင်မြို့နယ်တွေမှာ တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ လေကြောင်းနဲ့လက်နက်ကြီးကြောင့် အရပ်သား ခြောက်ဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ ခံရသူက တစ်ဦးရှိခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ခုနှစ်ဦးအထိ ရှိလာပြီဖြစ်ပါတယ်။