သတင်းသမားတွေကို ထောင် နှစ်လစီချ


2017.11.10
aungnaingsoe-622.jpg ထောင်ဒဏ် နှစ်လ ချမှတ်ခံရတဲ့ စကားပြန် ကိုအောင်နိုင်စိုး ကို နိုဝင်ဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်
.

နေပြည်တော်ကောင်စီနယ်မြေက လွှတ်တော်အဆောက်ဦးကို မောင်းသူမဲ့လေယာဉ် (ဒရုန်း) သုံးပြီး  မှတ်တမ်းတင် ရိုက်ကူးဖို့ ကြိုးပမ်းခဲ့တဲ့ တူရကီအခြေစိုက် TRT သတင်းဌာနက နိုင်ငံခြားသား သတင်းထောက် ၂ ယောက်၊ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနဲ့  ယာဉ်မောင်းဦးလှတင် တို့ကို နေပြည်တော်တရားရုံးက ဒီကနေ့ ထောင်ဒဏ် နှစ်လစီ အသီးသီးချမှတ်လိုက်ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ တရားစွဲခံထားရတဲ့ အမှု နှစ်ခုထဲက ၁၉၃၄ခုနှစ် လေယာဉ်ပျံသန်းမှုဥပဒေနဲ့ စွဲဆိုထားတဲ့အမှုကို အကျဉ်းနည်းနဲ့ စစ်ဆေးပြီး ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံသားစကားပြန်၊ ယာဉ်မောင်းနဲ့ မလေးရှားနိုင်ငံသား သတင်းထောက်တို့ရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

"၁၉၃၄ ခုနှစ်က ပြဌာန်းထားတဲ့ လေယာဉ်ပျံသန်းမှု ဆိုင်ရာ အက်ဥပဒေ၊ ဒရုန်းကိုပျံဖို့ ကြိုးစားတဲ့ အတွက်ကြောင့် လေယာဉ်ပျံသန်းမှုဆိုင်ရာ ဥပဒေပုဒ်မနဲ့ တင်ပါတယ်၊ အခုကတော့ ဒါကအကြီးမှုနဲ့ စစ်လဲရတဲ့အမှုမျိုး၊ ကျနော်တို့အားလုံးထင်တာက ဝန်ခံလိုက်မယ်ဆိုရင် ပထမဆုံးအကြိမ် ကျူးလွန် တဲ့ ပြစ်မှုဖြစ်တာကြောင့် ဒဏ်ငွေနဲ့ပြီးမယ်၊ ၅သောင်းပေါ့၊ ကျနော်တို့မှန်းတာက အခုကအဲလို မပြီးဘဲ ထောင်ဒဏ်၂လ ချလိုက်တယ်ဗျ။"

ပြစ်ဒဏ်ချမှတ်ခံရသူတွေအနေနဲ့ လေယာဉ်ပံျသန်းမှု ဥပဒေနဲ့ တရားစွဲခံထားရတာကို ဒီကနေ့ ရုံးချိန်းမှာမှ သိရတာဖြစ်ကြောင်းနဲ့ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ခရိုင်တရားရုံးကို ပြင်ဆင်ချက် လျှောက် ထားသွားမယ်လို့ ပြောပါတယ်။

တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ စင်ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ တစ်ဦး၊ စင်ကာပူနိုင်ငံသား တစ်ဦးနဲ့ အတူ မြန်မာနိုင်ငံသားစကားပြန် ဦးအောင်နိုင်စိုးနဲ့ ယာဉ်မောင်းဦးလှတင် တို့ လေးဦးဟာ အောက်တိုဘာ လ ၂၇ ရက်နေ့က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနီး ဒရုန်းတစ်စင်း လွှတ်တင်နေစဉ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။

ဖမ်းဆီးပြီး နှစ်ပတ်အကြာမှာ တရားရုံးမှာ စစ်ဆေးပြီး အခုလို ထောင်ဒဏ် ချမှတ်လိုက်တာဖြစ်ပြီး ရမည်းသင်း အကျဉ်းထောင်မှာ ဖမ်းဆီးထားပါတယ်။

သူတို့ ၄ ဦးကို သွင်းကုန်ထုတ်ကုန်ဥပဒေနဲ့လည်း ရဲတပ်ဖွဲ့က တရားစွဲဆိုထားပြီး ဒီကနေ့ ရုံးထုတ်ရာမှာ အဲဒီအမှုအတွက် အာမခံတင်ခဲ့ပေမယ့် တရားရုံးက ပယ်ချလိုက်ပါတယ်။

သူတို့ကို သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ လာမယ့် ၁၆ ရက်နေ့မှာ ထပ်မံရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။