မူးယစ်ဆန့်ကျင်ပွဲ ကချင်မှာကျင်းပ
2016.07.16
ကချင်ပြည်နယ် ဟိုပင်မြို့နယ်ခွဲ တကွင်းကျေးရွာမှာ ဒီနေ့ ပြုလုပ်တဲ့ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှုကို ဆန့်ကျင်တဲ့ လမ်းလျှောက်လှုပ်ရှားမှု မှာ ဒေသခံလူအင်အား ၄၀၀ ပါဝင်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ လူထုတွေ ပါဝင်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဟိုပင်မြို့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က ပြောပါတယ်။
"မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရောင်းဝယ်ဖောက်ကားမှု၊ ဆန့်ကျင်တိုက်ဖျက်ရေးဆိုပြီးတော့မှ လူထုလှုပ်ရှားမှု တစ်ခုကိုလုပ်ခဲ့ပါတယ်၊ ရွာသူ၊ ရွာသားတွေကလည်း သူတို့တွေမိဘတွေအနေနဲ့ ကျနော်တို့ကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လုပ်ဆောင်ပေးဖို့ ပြောတာတွေရှိတဲ့အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ လူထုအင်အားနဲ့ ပါဝင်အောင်ဆိုပြီး ဒီလှုပ်ရှားမှုကို လုပ်ရခြင်းဖြစ်ပါတယ်"
ရှမ်းတိုင်းရင်းသားတွေအများစု နေထိုင်တဲ့ တကွင်းကျေးရွာက ဒေသခံတွေဟာ " မူးယစ်ကင်းစင် တို့ရွာတစ်ခွင်၊ မူးယစ်အန္တရာယ် တို့ကာကွယ်၊ မူးယစ်ဆေးဝါးဟာ လူသားတွေရဲ့ ဘုံရန်သူ " စတဲ့ ပိုစတာတွေကိုင်စွဲပြီး တကွင်းရွာလယ်ကနေ ဟောပြောပွဲရှိတဲ့ အထက်တန်းကျောင်းခွဲ ခန်းမ ကိုချီတက်ခဲ့ကြတာဖြစ်ပါတယ်။
ဟိုပင်မြို့အခြေစိုက် NLD ပါတီ လူငယ် အဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး ဟောပြောပွဲကို ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး နဲ့ မိုးညှင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ဟောပြောခဲ့ကြပါတယ်။
ဟိုပင်၊ မိုးညှင်း၊ နမ္မား၊ တကွင်း၊ နန့်ရင်း စတဲ့ မိုးညှင်းမြို့နယ်အတွင်းက မြို့ရွာတွေတစ်ဝိုက်မှာ အုပ်စုဖွဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကို အုပ်ချုပ်ရေး အာဏာပိုင်တွေက ထိရောက်တဲ့ အရေးယူမှုတွေမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ် ပြီးရင် ကချင်ပြည်နယ်ဟာ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းဝယ်သုံးစွဲမှု မှာ ဒုတိယအများဆုံးပြည်နယ်ဖြစ်ပါတယ်။