မူးယစ်အဖွဲ့ ဖမ်းရာမှာပါဝင်တဲ့ အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရ


2017.11.17

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့အဖွဲ့ကို သွားရောက်ဖမ်းဆီးချိန်မှာ ပါဝင်ခဲ့တဲ့ နန်းမားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

လွတ်မြောက်နေတဲ့ မူးယစ်အဖွဲ့ ခေါင်းဆောင်က ခြိမ်းခြောက်နေတာဖြစ်ပြီး အဲဒီလို ခြိမ်းခြောက်ခံနေရတဲ့ အကြောင်း မြို့နယ်အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားထားတယ်လို့ နန်းမားအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဋ္ဌေး က ဒီကနေ့ပြောပါတယ်။

"အခုအခြေအနေကတော့ ကနော်တို့ကို ခြိမ်းခြောက်နေပြီလေ။ မူးယစ်ရာဇာက။ သတ်ပစ်မယ်တွေ။ ဘာတွေ။ အထက်ကို တင်ပြထားပြီ။ ဒါတွေ။ ရဲစခန်းကိုပြောထားပြီ။ စခန်းမှူး ကျွန်တော်တို့ကို ခြိမ်းခြောက်နေပြီ။  မနေ့က မနက် ၈ နာရီ ၄၀ လောက်မှာ ခြိမ်းခြောက်တယ်။ ဖုန်းနဲ့လှမ်းလို့။ ကြိမ်းတာပေါ့ဗျာ။ သတ်ပစ်မယ်တွေ။ ဘာတွေ။ သူလည်းသူလုပ်တာပေါ့နော်။ ကျနော်တို့လည်း ကျနော်တို့ အလုပ်ဆက်လုပ်မှာပါ။"

နိုင်ဝင်ဘာ ၉ ရက်နေ့က နန်းမာရွာရဲ့ အရှေ့ဘက် နန့်စွန်းတောင်အနီးက ရွာပျက်နားမှာ မူးယစ်ဆေးဝါးရောင်း ချနေတဲ့အဖွဲ့ကို တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်ဖမ်းဆီးတဲ့အခါမှာ ဆေး သုံးစွဲသူ ၂၆ ယောက်နဲ့ မူးယစ်ဆေးရောင်းသူရဲ့လူ ၂ ဦး စုစုပေါင်း ၂၈ ယောက်ကို ဖမ်းဆီးရမိခဲ့တာပါ။

လူတွေနဲ့အတူ တီဗီ၊ စီစီတီဗီကင်မရာနဲ့ ဆက်စပ်ပစ္စည်း၊ အဝေးကြည့်မှန်ပြောင်း၊ ဆိုလာပြားနဲ့ ဘက်ထရီအိုး၊ သေနတ်ကျည်ဆံ ၈ တောင့် စတာတွေကို ဖမ်းမိ သိမ်းဆည်းရမိခဲ့ပြီး အရေးကြီးတရာခံလို့ ယူဆရသူက လွတ်မြောက်နေတာပါ။

လောလောဆယ်မှာ ဥပဒေအတိုင်းဆောင်ရွက်နေပြီး နန်းမားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရတဲ့ ကိစ္စကိုတော့ ဒီကနေ့ မနက်ပိုင်းအထိ မသိရှိရသေးဘူးလို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ပြောပါတယ်။

အဲဒီဒေသဘက်က အစိုးရထိန်းချုပ်မှုနဲ့ ဝေးတဲ့ရွာတွေတဝိုက်နဲ့ မြို့ရွာရပ်ကွက်တွေအတွင်းမှာလည်း မူးယစ်ဆေး ဝါးတွေကို ချိတ်ဆက်ရောင်းဝယ်သုံးစွဲမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းတွင်း၊ ရွှေနဲ့ ပယင်းမှော်တွေရှိတဲ့ ဖားကန့်၊ တနိုင်း စတဲ့ စီးပွားရေးနယ်မြေတွေ အပြင် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဆားမှော်၊ တာလောကြီး၊ နန့်မွန်း စတဲ့ မြို့ရွာတွေ အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေနဲ့အတူ လုယက်သတ်ဖြတ်မှုတွေ ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။