တနင်္သာရီတိုင်းမှာ ဆေးဖြတ်သူ တစ်ရာကျော်ရှိ
2016.09.23

တနင်္သာရီတိုင်းဒေသကြီးက မြို့နယ် ၄ ခုမှာ စက်တင်ဘာ ၅ ရက်ကနေ ၂၀ရက်နေ့အထိ ဆန္ဒအလျောက် မူးယစ်ဆေးဖြတ်သူ ၁၂၀ ကျော်ရှိပြီလို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဆေးလာဖြတ်တဲ့သူတွေကို ဥပဒေအရ အရေးမယူဘဲ အခမဲ့ဖြတ်ပေးတာဖြစ်ပြီး လမ်းစရိတ်တွေကို ပါ ထောက်ပံ့ပေးတာဖြစ်တယ်လို့ တိုင်းဒေသကြီး ရဲမှူးကြီးနေမျိုးက ပြောပါတယ်။
"အချို့ရွာသားတွေက နားမလည်သူတွေ များတယ်ပေါ့နော်။ ဆေးလာဖြတ်တဲ့အခါမှာ သူတို့ ကုန်ကျစရိတ်မရှိအောင် အစိုးရရဲ့၊ ဝန်ကြီးချုပ်ရဲ့ အစီအမံနဲ့ ဖြစ်အောင်လုပ်လိုက်တာပေါ့နော် ။ ဖြစ်အောင်လုပ်လိုက်တော့ သူတို့ဆေးလာဖြတ်တာလည်း အဆင်ပြေတယ်ပေါ့နော်။ ကယ်ရီ ခတွေရော၊ လမ်းစရိတ်တွေကိုရော အကုန်တာဝန်ယူပေးတော့ ကျွန်းစုမြို့နယ်မှာ ၁၀၀ ပတ်ဝန်း ကျင်လောက်ရှိတယ်။ အဲ့ထဲမှာ အမျိုးသမီး ၂ယောက်ပါတယ်"
မူးယစ်ဆေးဖြတ်တဲ့ အစီအစဉ်ကို တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်တာဖြစ်တာကြောင့် ဆေးဖြတ်သူတွေဟာ နေထိုင်ရာ ကျေးရွာနဲ့ အနီးနားမှာ ရှိတဲ့ဆေးရုံတွေကို သွားနိုင်တယ်လို့လည်း ပြောပါတယ်။
မူးယစ်ဆေးဝါးဖြတ်သူတွေဟာ ကျွန်းစုမြို့နယ်မှာ ဦးရေ ၁၀၀ လောက်၊ ကော့သောင်းမြို့မှာ ၁၀ဦး၊ မြိတ်မြို့မှာ ၁၀ ဦးနဲ့ တနင်္သာရီမြို့နယ်မှာ ၉ ယောက် ဖြစ်ပါတယ်။
ဆေးလာဖြတ်သူတွေကိုလည်း အမည်စာရင်းသွင်းရုံသာ ဆောင်ရွက်မှာဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးတာ အရေးယူတာမျိုးမလုပ်ဘူးလို့ သိရပါတယ်။