မူးယစ်ဆေးဝါးမှုမှာ စသုံးလုံးအရာရှိတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေ


2015.12.16

ရှမ်းပြည်နယ် တောင်ကြီး၊ တာချီလိတ်နဲ့ ပင်လောင်းမြို့နယ်တွေမှာ ငွေကျပ်သိန်းပေါင်း တစ်သိန်း နှစ်သောင်း နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ အထူးစုံစမ်း စစ်ဆေးရေး (စ သုံးလုံး) အဖွဲ့က အရာရှိတချို့ ပါဝင်နေပြီး အဲဒီအမှုမှာ အဓိက ပါဝင်ပတ်သက်သူတွေ လွတ်မြောက်နေဆဲဖြစ်တယ်လို့ နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

အဲဒီအမှုနဲ့ပတ်သက်သူ ၇ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ဌာနမှူး ရဲမှူးကြီး ရွှေညာမောင်က ပြောပါတယ်။

"ကျနော်တို့အရေးယူထားတာ အနည်းဆုံး ၇ ယောက်ရှိပြီပေါ့နော်၊ ပိုင်ရှင်ရဲ့ တာချီလိတ်က သူ့နေအိမ်ကို ဝင်ရောက်ရှာဖွေတာရှိတယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ဘိန်းဖြူဘလောက်တုံး တစ်တုံးရယ် နောက်ကျန်တဲ့ မူးယစ်ဆေးဝါးရောင်းချပြီးတော့ ရတယ်လို့ယူဆရတဲ့ ဘတ်ငွေ ၂၅ သိန်းရယ်၊ ကျန်တဲ့ဆက်စပ်ပစ္စည်းတွေ ကျနော်တို့ သိမ်းထားပါတယ်၊ လူကထွက်ပြေးတိမ်းရှောင်နေပါတယ်"

ဒါ့အပြင် အမှုနဲ့ အဓိကပတ်သက်တဲ့ ထွက်ပြေးလွတ်မြောက်နေသူဟာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ကဖြစ်ကြောင်း ဖမ်းဆီးရမိထားသူတွေက ထွက်ဆိုထားတယ်လို့လည်း ရဲမှူးကြီး ရွှေညာမောင်က ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရသူ ၇ဦးထဲမှာ ရှမ်းပြည်နယ်နဲ့ နေပြည်တော်က စသုံးလုံး အရာရှိ ၂ ယောက် ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မူးယစ်တပ်ဖွဲ့စု (၂၆) ပင်လောင်း တပ်ဖွဲ့က စသုံးလုံးအရာရှိ သူရဝင်း မောင်းနှင်းလာတဲ့ မော်တော်ကားကို ရှာဖွေရာမှာ ဘိန်းညိုမှုန့် ၄၈၂ ကီလို၊ ပွိုင့် ၂၂ ပစ္စတိုသေနတ် တစ်လက်နဲ့ ကျည် ထောင့် ၁၃ ထောင့်တို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန UNODC က ထုတ်ပြန်တဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်းမှာ မြန်မာနိုင်ငံဟာ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံးဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။