၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY ဆေးပြားတွေ စစ်တွေမှာ ဖမ်းမိ
2017.06.12

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY မူးယစ်ဆေးပြားအရေအ တွက် ၃၄ သိန်းကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့ကနေ မောင်တောနယ်စပ်ကို ပို့ဆောင်ဖို့အတွက် ကားနဲ့သယ်ယူရာမှာ စစ်တွေမြို့နယ် ရေချမ်းပြင် ဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့တာလို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင် က ပြောပါတယ်။
"ဖမ်းတဲ့နေရာက ရေချမ်းပြင် ဆိပ်ကမ်းပေါ့ဗျာ၊ မောင်တောဘက်ကူးမယ့် ဇက်ဆိပ်ပေါ့၊ ကားပေါ်မှာ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ဖုံးအုပ်ပြီးတော့ အောက်ကကြမ်းခင်းမှာ ခိုးဝှက်သယ်လာတာပေါ့"
ရေချမ်းပြင်ဆိပ်ကမ်းကနေ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်း၊ အဲဒီကနေတဆင့် ကုန်းလမ်းခရီး နဲ့ မောင်တောမြို့နယ်ကို ပို့ဆောင်ဖို့ ပြင်ဆင်နေစဉ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ ပိုင်ရှင်ဖြစ်သူက ပုဏ္ဏားကျွန်း မြို့မှာနေထိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် လိုက်လံစုံစမ်းနေတယ်လို့လည်း ပြောပါတယ်။
WY မူးယစ်ဆေးပြားတွေဟာ မြန်မာပြည်အလယ်ပိုင်းကနေ ကုန်းလမ်းရေလမ်းတွေကနေတဆင့် ရခိုင်ပြည်နယ် ထဲကို ရောက်ရှိလာကြတာဖြစ်ပြီး ရခိုင်ပြည်နယ်ကတစ်ဆင့် တဘက်ဘင်္ဂလားဒေ့ရ်ှ နိုင်ငံကို အဓိကပို့ဆောင် တာဖြစ်တယ်လို့ ဒေသခံရဲအရာရှိတွေက ဆိုပါတယ်။