DVB သတင်းထောက် ထောင်ချမှု သတင်းစာများ အနက်ရောင်ဖော်ပြ ကန့်ကွက်


2014.04.11
kozawphy-305 DVB သတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ဖို့ ဆုတောင်းပွဲပြုလုပ်စဉ်က သတင်းထောက်များကိုတွေ့ရစဉ်
photo:Thin Thin Htet/RFA

DVB သတင်းထောက်ကို ထောင်ဒါဏ် တစ်နှစ် စီရင်ချက်ချလိုက်တာနဲ့ပတ်သက်လို့ လွတ်လပ်စွာ သတင်းရယူခွင့်ကို ထိခိုက်တယ်ဆိုပြီး ပြည်တွင်းထုတ် ပုဂ္ဂလိက နေ့စဉ်သတင်းစာ တချို့ရဲ့ ရှေ့မျက်နှာဖုံး စာမျက်နှာမှာ အနက်ရောင် (black cover) များ ဖေါ်ပြပြီး ကန့်ကွက်လိုက်ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ရက်က မကွေးခရိုင်တရားရုံးက ပညာရေးမှူးရုံးမှာ သတင်းသွားယူတဲ့ DVB သတင်းထောက် ကိုဇော်ဖေ(ခေါ်) ကိုသူရသက်တင်ကို ပိုင်နက်ကျူးလွန်မူအပြင် ဝတ္တရား နှောင့်ယှက်မှုတဲ့ ပုဒ်မတွေနဲ့ အပြစ်ပေးခဲ့တာဖြစ်ပါတယ်။

ခုလိုသတင်းထောက် ကိုဇော်ဖေ ထောင်ချခံရတာနဲ့ ပတ်သက်ပြီး လွတ်မြောက်ဖို့ စာနယ်ဇင်း သမား တွေရဲ့ဆုတောင်းပွဲကို မနေ့ကလည်း ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိအစိုးရရဲ့သုံးနှစ်သက်တမ်းအတွင်း  သတင်းထောက် ကိုဇော်ဖေအပါအဝင် Eleven Media Group က လွိုင်ကော်သတင်းထောက် မခိုင် ကိုလည်း မနှစ်က ဒီဇင်ဘာလက ပုဒ်မ၃ခုနဲ့ ထောင ်၃ လ ချမှတ်ခဲ့ဖူးပြီး။ Unity ဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်လေးဦးလည်းဖမ်းဆီး ချုပ်နှောင် တရားစွဲဆိုခံနေရပါတယ်။

ဒီအတောအတွင်း ပညာရေးမှူးရုံးဝန်ထမ်းတွေကို တွေ့ဆုံမေးမြန်းဖို့ကြိုးစားခဲ့တဲ့ DVB သတင်းထောက် ကိုဇော်ဖေ ကို ထောင်ဒဏ်အပြစ်ပေးလိုက်တာဟာ အလွန်ရက်စက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့  ပြင်သစ်အခြေစိုက် RSF နယ်စည်းမခြား သတင်းထာက်များအဖွဲ့က ဒီကနေ့ပြောကြား လိုက်ပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံက သတင်းထောက် ကိုဇော်ဖေကို မကွေးမြို့နယ်တရားရုံးက ဝတ္တရား နှောင့်ယှက်မှုနဲ့ ပြီးခဲ့တဲ့တနင်္လာနေ့က ထောင်ဒါဏ် တစ်နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒေသဆိုင်ရာအာဏာပိုင်တွေက သူတို့အလုပ်ကိုနှောင့်ယှက်တယ်ဆိုပြီး အခုလို သထောက်တစ်ဦးရဲ့အလုပ်ကို ဟန့်တားပြီး ထောင်ဒါဏ်ချမှတ်လိုက်တာဟာ လက်မခံနိုင်စရာလုပ်ရပ်ဖြစ်ကြောင်း၊ သူ့ကိုအမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။