ဇန်နဝါရီလကစပြီး ထိုင်းကို e-Visa လျှောက်ထားနိုင်မည်
2024.12.12

မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံကို ဗီဇာလျှောက်ထားရာမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့က စတင်ပြီး အွန်လိုင်း( e-Visa) စနစ်နဲ့ စတင်လျှောက်ထားနိုင်တော့မယ်လို့ ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံသားတွေအပြင် မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေတဲ့ တခြားနိုင်ငံသားတွေလည်း လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။
ဗီဇာလျှောက်ထားပြီးရင်တော့ ဗီဇာကြေးကို ထိုင်းသံရုံးဗီဇာကောင်တာမှာ ချိန်းဆိုတဲ့ရက် လာရောက်ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဗီဇာလျှောက်လွှာတွေကို စိစစ်အကဲဖြတ်ချိန်ကတော့ ၁၀ ရက်က ၁၅ ရက်ကြာမြင့်နိုင်တယ်လို့ ဖော်ပြပါတယ်။
ဗီဇာလျှောက်ထားရာမှာ စာရွက်စာတမ်းမပြည့်စုံတာနဲ့ အတုအပပြုလုပ်လျှောက်ထားတဲ့ ဗီဇာလျှောက်လွှာတွေကိုတော့ ပယ်ဖျက်သွားမယ်လို့ ဆိုပါတယ်။
e-Visa စနစ် အပြောင်းအလဲပြုလုပ်ဖို့အတွက် ဒီဇင်ဘာ ၂၅ ရက်နေ့က ၃၁ ရက်နေ့အထိ ဗီဇာလျှောက်လွှာတွေကို လက်မခံသေးဘူးလို့လည်း ထိုင်းသံရုံးက ကြေညာထားပါတယ်။
အရင်ကတော့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွက် ဗီဇာလျှောက်ထားသူတွေဟာ ထိုင်းသံရုံးမှာ ကိုယ်တိုင်တန်းစီရပြီး ဗီဇာလျှောက်ထားမဲ့ရက်ကိုပဲ အွန်လိုင်းကတစ်ဆင့် ကြိုတင်ရက်ချိန်းယူရတာ ဖြစ်ပါတယ်။