EAO အဖွဲ့တွေစုပေါင်းထားတဲ့ Covid 19 ထိန်းချုပ်ရေးကော်မတီ ဖွဲ့စည်း
2021.07.25
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ တစ်ပြည်လုံး မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ Covid 19 ထိန်းချုပ်ရေးကော်မတီကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဇူလိုင် ၁၇ ရက်နေ့မှာ ဖွဲ့စည်း လိုက်တာဖြစ်ကြောင်း ဇူလိုင် ၂၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအနေခြအနေက အရေးပေါ်ဖြစ်နေတဲ့အတွက် နိုင်ငံရေးပြဿနာကို အခြေမခံဘဲ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် အားလုံးပါဝင် အဖြေရှာနိုင်ဖို့ ဒီကော်မတီကို ဖွဲ့စည်းလိုက် တာလို့ PPST အဖွဲ့ဝင် ABSDF က ရဲဘော်မျိုးဝင်းက RFA ကို ပြောပါတယ်။
“ဒီပြဿနာကို ဖြေရှင်းဖို့အတွက် တစ်ဦးကောင်း တစ်ယောက်ကောင်း ဖြေရှင်းလို့မရဘူး။ စစ်ကောင်စီမှ တာဝန်ရှိတာတော့မှန်တယ်။ အရေးကြီးတာက ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် တော်တော် လေးကို ခက်ခဲမယ်လို့ ဒီလိုပဲ ရိုးရိုးသားသားမြင်တယ်။ ပြည်သူလူထု ယုံကြည်တဲ့သူ လက်ခံနိုင်တဲ့ အခြေ အနေတစ်ခုကိုတော့ ကျွန်တော်တို့ ဖန်တီးဖို့လိုမယ်ဆိုတဲ့ အခြေအနေမျိုးပေါ့နော်။ အဲအနေအထားပေါ်မှာ မူတည်ပြီး ပြည်သူလူထုက မယုံကြည်ဘူးဆိုရင် ကုသရေးမှာပဲဖြစ်ဖြစ် ကာကွယ်ဆေး ထိုးနှံတဲ့အခြေအနေ မျိုးမှာပဲဖြစ်ဖြစ် တော်တော်လေးကို အခက်အခဲရှိလိမ့်မယ်လို့ ထင်တယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်း ပြည်မှာရှိနေတဲ့ ဆေးပညာရှင်တွေပါဝင်မှု၊ သူတို့ရဲ့ လုပ်အားတွေ ရယူနိုင်ရေးမှာလည်း အခက်အခဲရှိ နေတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးပြဿနာဆိုတာကို ခဏထားပြီး အမြန်ဆုံးပါဝင်သင့် တဲ့ အင်အားစုတွေ အားလုံးပါဝင်တွေ့ဆုံပြီး အဖြေရှာသင့်တယ်လို့ တိုက်တွန်းလိုတယ်“
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ကိုဗစ်နိုင်တင်းထိန်းချုပ်ရေး ကော်မတီမှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ရဲဘော် မျိုးဝင်း၊ ပဒို စောတောနီး၊ စောမြရာဇာလင်း၊ ရဲဘော်ဆန်နီ၊ ဒေါက်တာ စိုင်းဦး၊ နိုင်အောင်မငေး၊ နန်းယဉ်ယဉ်စိုး၊ ဗိုလ်မှူး စောဟဲစေး၊ ဗိုလ်မှူး စောမှူးအယ်ဝါး တို့ပါဝင်ပါတယ်။
"ဒီအတိုင်းပဲ ကိုယ်အာဏာတည်မြဲရေးပဲလုပ်ပြီးတော့ တစ်ဖက်သတ် ဖိနှိပ်နေမယ်ဆိုရင် ပြည်သူကလည်း ပူးပေါင်းပါဝင်မှာ မဟုတ်ပါဘူး"
စစ်ကောင်စီရဲ့ ကိုဗစ်ကပ်ရောဂါထိန်းချုပ်မှုတွေက ရောဂါစစ်ဆေးနိုင်တဲ့အပိုင်းမှာ အားနည်းတာ၊ ကုသရေး အပိုင်းမှာ အခက်ခဲရှိနေတာ၊ ကာကွယ်ဆေးထိုးတဲ့နေရာမှာလည်း စနစ်တကျလုပ်နိုင်ဖို့တွေ အများကြီးလိုနေ တဲ့အကြောင်း၊ PPST ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့အနေနဲ့ ပြည်တွင်းမှာရှိတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးနဲ့တွေ့ဆုံဆွေးနွေးပြီး အားလုံးလက်ခံမယ့်နည်းတွေ ဖော်ထုတ်ဖို့၊ နိုင်ငံတကာ အကူညီတွေနဲ့ အင်အားစုတွေ၊ တတိယနိုင်ငံက အလှူရှင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ ရဲဘော် မျိုးဝင်းက ပြောပါတယ်။
ပြည်သူတွေပါဝင်ဖို့ဆိုတာ အဓိကမှန်ပေမယ့် တဖက်သတ်ဖိနှိပ်နေမယ်ဆိုရင်တော့ ပြည်သူက ပူးပေါင်းပါဝင် မှာ မဟုတ်သလို ကိုဗစ်ထိန်းချုပ်ရေးကလည်း ဘယ်လိုမှအောင်မြင်မှာ မဟုတ်ဘူးလို့ ကိုဗစ်ရောဂါ ကူးစက် ခံနေရသူတွေကို ကုသပေးနေတဲ့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။
“ဒီအခြေအနေတွေကို အမြန်ဆုံးထိန်းဖို့လိုပါတယ်။ ဒါတွေကို ထိန်းချုပ်ဖို့က အဓိက ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ အောင်မြင်ရမယ်။ ဒါမှကူးစက်တာတွေ နည်းသွားပြီး ရပ်သွားမှာဖြစ်တယ်။ တစ်ဖက်က ကုသရေးလုပ်ငန်းတွေကိုလည်း ပြည်သူတွေ ရပိုင်ခွင့်ဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အောက်ဆီ ဂျင်ရခွင့်တွေ ဒါတွေကို ပိတ်ပင်တားဆီးမှု မရှိဘဲနဲ့ နေ့ညအချိန်မရွေးပေါ့။ ပြည်သူ့ကျန်းမာရေး အောင်မြင် ဖို့ဆိုရင် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက နံပါတ်တစ်ပါ။ ပြည်သူမပါဘဲနဲ့ ဘယ်အရာမှ အောင်မြင်ပါဘူး။ ဒီတော့ပြည်သူပါဖို့အတွက်ဆိုရင် တစ်ဖက်ကလည်း နိုင်ငံရေးဆွေးနွေးပွဲတွေ သူတို့ဖက်က လုပ်ဖို့လို ပါတယ်။ ဒီအတိုင်းပဲ ကိုယ်အာဏာတည်မြဲရေးပဲလုပ်ပြီးတော့ တစ်ဖက်သတ် ဖိနှိပ်နေမယ်ဆိုရင် ပြည်သူကလည်း ပူးပေါင်းပါဝင်မှာ မဟုတ်ပါဘူး။ အဲအတွက် ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းကလည်း ဘယ်လိုမှအောင်မြင်နိုင်မယ် မထင်ပါဘူး“
အခုဖြစ်နေတဲ့ ကိုဗစ်တတိယလှိုင်းဟာ အရမ်းကြောက်စရာကောင်းနေပြီး ပြည်သူ့ကျန်းမာရေးနည်းနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်တဲ့အကြောင်း၊ ပြည်သူ့ကျန်းမာရေးဖက်မှာ သေချာမနိုင်နင်းခဲ့တဲ့အတွက် ကုသရေးဘက်ကို ရောက်လာတာဖြစ်ကြောင်း၊ အိန္ဒိယမှာ တတိယလှိုင်းပျံ့နှံ့နေချိန် စစ်ကိုင်းတိုင်း ကလေးမြို့တွေမှာပါ ကူးစက်နေတာကိုသိနေပေမယ့် ဂရုမစိုက်ဘဲ ပြည်သူကိုဖိနှိပ်ဖို့သာ ကြိုးစားနေတာကြောင့် အခုလို အခြေအနေတွေ ပိုဆိုးကုန်တာလို့လည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးစီမံခန့်ခွဲနိုင်မှု အားလုံးဟာ ပြိုကွဲနေပြီး မထိန်းသိမ်းနိုင်တော့တဲ့ အခြေအနေမှာ PPST တွေ ပူးပေါင်းလာတာကိုကြိုဆိုပေမယ့် သူတို့လုပ်နိုင်တဲ့အနေထားက ထိရောက်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောပါတယ်။
“အဲဒီအခြေအနေအောက်မှာ PPST လိုအဖွဲ့အစည်းမျိုးကနေပြီးတော့ ဒီကိစ္စအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်မယ်ဆိုတာ သူတို့က စစ်ကောင်စီနဲ့ နဂိုကတည်းက ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းကို စောင့်နေတဲ့အဖွဲ့အစည်းဖြစ်နေတဲ့အခါကျတော့ သူတို့ ပါဝင်လာတာပေါ့။ အဲလိုပါဝင်လာတဲ့အတွက် ကိုဗစ်တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ ဘာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ ကြိုဆိုရမယ့်ကိစ္စပါပဲ။ ဒါပေမဲ့ PPST အဖွဲ့ရဲ့ လုပ်ကိုင်နိုင်တဲ့အနေအထားက အတော်အကန့်အသတ်ကြီးပါတယ်။ သိပ်ပြီးတော့ ထိထိရောက် ရောက်လုပ်နိုင်မယ့် အနေအထားမရှိပါဘူး။ အခု UWSA တို့ KIA တို့ ဒေသတွေမှာက ကိုဗစ် ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ တော်တော်လုပ်နိုင်တယ်။ PPST အနေနဲ့က အဲလိုလုပ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အခွင့်အလမ်းရှာနေတဲ့အခိုက်မှာ ဒါကို အသုံးချသွားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် တစ်ခုကကြိုဆိုတယ်။ ဒါပေမဲ့ ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်”
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့မှာပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေးပြဿနာလို့ ခံယူတဲ့အတွက် အားလုံးစုပေါင်း ဖြေရှင်းရမှာဖြစ်တယ်လို့ PPST အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကူးစက်၊ သေဆုံးမှုမြင့်တက်နေတဲ့ လက်ရှိကိုဗစ်တတိယလှိုင်းကို စစ်ကောင်စီက မထိန်းချုပ်နိုင်တဲ့အပြင် ပရဟိတ ဆေးခန်းတွေကို လိုက်ပိတ်တာ၊ အောက်ဆီဂျင်ရဖို့ ကြိုးစားနေတဲ့ ပြည်သူတွေကို ကန့်သတ်တာ အပါအဝင် ပြည်သူကိုဖိနှိပ်ဖို့သာ ကြိုးစားနေတဲ့အတွက် ကိုဗစ်ကပ်ဘေးကို ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေက မှတ်ချက်ပေးကြ ပါတယ်။