တိုင်းရင်းသားများ သုံးပွင့်ဆိုင်လိုလား
2016.07.29

စတုထ္ထနေ့ မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးက ဒီနေ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးကြရာမှာ သဘောတူညီချက်အချို့ ရခဲ့တယ်လို့ သိရပါတယ်။
တက်ရောက်လာတဲ့ ခေါင်းဆောင်ကိုယ်စားလှယ်များက နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ချက်ထဲ မှာပါရှိတဲ့ ကိုယ်စားပြုမှုနဲ့ စုဖွဲ့မှု၊ ဆုံးဖြတ်ချက်ချတဲ့ပုံစံ ဆွေးနွေးမည့် အကြောင်းအရာတွေနဲ့ နိုင်ငံရေးဆွေးနွေးမှု ပုံစံအဆင့်ဆင့်ကို ညနေ ၅နာရီခွဲကျော်အထိ အပြန်လှန်ဆွေးနွေးကြရာ ဘုံသဘောထားတွေ စုစည်းခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲမှာ ၃ ပွင့်ဆိုင် ကိုယ်စားပြုမှုစနစ်အပေါ် ဆက်လက်အခြေခံသွားမယ်လို့ ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ မွန်ပြည်သစ်ပါတီ ဥက္ကဌ ဦးနိုင်ဟံသာက ပြောပါတယ်။
"အားလုံးလက်ခံလိုက်တာကတော့ အရင်တို့ရပ်တည်တဲ့ပုံစံအတိုင်း ၃ပွင့်ဆိုင်ပါပဲလို့၊ ၃ပွင့်ဆိုင်ဆိုတဲ့ အထဲမှာ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်က တစ်ပွင့်၊ နောက်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တစ်ပွင့်၊ နောြက်ပီးတော့ နိုင်ငံရေးပါတီတွေကတစ်ပွင့်၊ အဲ့အဓိက ၃ ပွင့်ကပဲ တက်ရောက်ဖို့နဲ့ ကျန်တဲ့အင်အားစုတွေ cso တွေကတော့ သက်ဆိုင်ရာ ကဏ္ဍတွေမှာ ဆက်လက်ပါဝင်ပြီးတော့မှ ဆွေးနွေး သွားမယ် ဆိုတဲ့သဘောထားမျိုးချမှတ်ပါတယ်"
ဆွေးနွေးမယ့် အကြောင်းအရာတွေကတော့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး၊ လုံခြုံရေးနဲ့ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒဆိုတဲ့ ခေါင်းစဉ်ကြီးငါးခုကို အဓိကထားဆွေးနွေးသွားဖို့ကိုလည်း ဘုံသဘော တူညီချက်ထဲမှာ ပါရှိတယ်လို့လည်း သိရပါတယ်။ ဒီနေ့ ဆွေးနွေးတာတွေဟာ စိုးရိမ်မှုတွေ ရှိကြတယ်လို့ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
"ဒီနေ့ ဆွေးနွေးတဲ့ အကြောင်းအရာတွေဟာ သူ့ဘက်ကိုယ့်ဘက် စိုးရိမ်စိတ်တွေရှိကြတယ်၊ တပ်မတော် ဘက်မှာ စိုးရိမ်မှုတွေရှိတယ်၊ အစိုးရမှာရှိတယ်၊ ကျနော်တို့မှာလည်းရှိတယ်၊ ဥပမာပြောရရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲအနိုင်ရလာတယ်၊ အရင်က တိုင်းရင်းသားအင်အားတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ဒီမိုကရေစီအရေး တိုင်းရင်းသားအရေးအတွက်ကို အပြန်အလှန် အားဖြင့် အားပြုခဲ့ကြတာ သို့သော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးသစ်ဖြစ်တဲ့အခါမှာ အစိုးရက အစိုးရလိုစဉ်းစားပြီးတော့၊ ဒါမှ မဟုတ်ရင် တပ်နဲ့ အစိုးရနဲ့က ပေါင်းပြီးတော့ ပြန်ပီး နှိပ်ကွမ်မလားလို့ စိုးရိမ်ချက်လည်းရှိတယ်၊ ထိုနည်းတူပဲ တပ်မတော်ဘက်က သူ့မှာလည်း စိုးရိမ်ချက်ရှိနိုင်တယ်"
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများရဲ့ မျက်နှာစုံညီအစည်းအဝေးကို ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနဲ့ အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ နိုင်ငံရေးဘုံသဘောထားများရရှိရေးအတွက် ကျင်းပနေတာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ၂၉ ရက်နေ့အထိ သတ်မှတ်ထားပေမဲ့ မပြီးပြတ်တာကြောင့် ဇူလိုင်လ ၃ဝ ရက်နေ့အထိ ဆွေးနွေးကြတာဖြစ်ပါတယ်။