ရန်ကုန်တိုင်းအတွင်း အရေးကြီး အဆောက်အဦး ၅၀ ကျော်ကို ငလျင်ဒဏ်ခံနိုင်မှု ရှိ မရှိ စစ်ဆေး မည်
2016.11.16

ကုလသမဂ္ဂ မြို့ရွာနဲ့ အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် UN-Habitat ရဲ့ ကူညီပံ့ပိုးမှုနဲ့ ရန်ကုန် ဆေးရုံကြီး၊ မီးသတ်ဗဟိုဌာနနဲ့ စာသင်ကျောင်းတွေအပါ အဝင် ရန်ကုန်တိုင်းအတွင်းက အရေးကြီး အဆောက်အဦး ၅၀ ကျော်ရဲ့ ငလျင်ဒဏ်ခံနိုင်မှု အနေအထားတွေကို မြန်မာနိုင်ငံ မြေငလျင် ကော်မတီက ဆန်းစစ် သွားမှာ ဖြစ်ပါတယ်။
လုပ်ငန်းဆောင်ရွက်မှုအတွက် တစ်နှစ်သတ်မှတ်ထားတာကြောင့် လာမယ့် ၂၀၁၇ ခုနှစ်မကုန်ခင် အပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီအတွင်းရေးမှူး ဦးစောထွေးဇော် က ပြောပါတယ်။
"ဒီ Project ကာလကတော့ တစ်နှစ်၊ ရှေ့နှစ်မှာပြီးရမှာပေါ့နော်။ ဒီမှာလည်း ကုန်ကျစရိတ် ဘာညာ က သူတို့ရဲ့ ဘတ်ဂျတ်နဲ့ တွက်ထားပြီး သားပေါ့။ အသေးစိတ်ကတော့ UN-Habitat ကိုမေးရမယ်။ ကျနော်တို့ အခုလုပ်တဲ့ ဟာကတော့ ကနဦးပေါ့နော်။ နောက်တစ်ခုကတော့ ဒီထဲကနေမှ နည်းနည်းပို အသေးစိတ်ကြည့်ဖို့ လိုတယ် ဆိုရင်မှ အဆောက်အဦးကို အသေးစိတ်တိုင်းတာတော့ နောက်ပြီးတော့ အဆောက်အဦရဲ့ အလေးချိန်တို့ အားတို့ကို ထည့်သွင်းစဉ်းစားတာတို့ အဲ့ဒါမျိုး ပိုအသေးစိတ်ကျတဲ့ တွက်ချက်မှုလုပ်တဲ့အဆင့်ကို ဆက်သွားရပါ လိမ့်မယ်။" လို့ ပြောပါတယ်။
ဆန်းစစ်လေ့လာချက်တွေ ရရှိတဲ့အခါ တိုင်းအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ အဆောက်အဦးပိုင်ရှင်တွေထံ တင်ပြပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC ကို ရန်ကုန်မြို့တွင်းက အဆောက်အဦးတွေ ငလျင်ဒဏ် ခံနိုင်မှု အနေအထားတွေကို လေ့လာ ဆန်းစစ်ဖို့ ညွှန်ကြားထားပါတယ်။
YCDC က ရန်ကုန်မြို့တွင်း ၆ မြို့နယ်က အဆောက်အဦးတွေကို အရင်ဆုံးဆန်းစစ်ဖို့ ပြင်ဆင် နေပြီး အဲဒီလုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံမြေငလျှင်ကော်မတီနဲ့ ပူးတွဲဆောင်ရွက်မယ့် အနေအထား ရှိနေတယ်လို့လည်း ဦးစောထွေးဇော် က ပြောပါတယ်။