နေပြည်တော် စီးပွားရေး ဆွေးနွေးပွဲ ကို ပညာရှင်တွေ အားထားနေကြ

နေပြည်တော်မှာ လာမယ့် သောကြာနေ့ ကနေ တနင်္ဂနွေနေ့ အထိ (၃) ရက်ကြာ ကျင်းပမဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ (၃၇) ခုကိုပါ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

2011.08.17
naypyidaw-building-305 တိုင်းပြည်ဘဏ္ဍာငွေ အလုံးအရင်း သုံးစွဲကာ တည်ဆောက်ထားသော နေပြည်တော် မြို့သစ်မှ ဘုရင့်နောင်ရိပ်သာ အဆောက်အအုံကို တွေ့ရပုံ။ (Photo: AFP)
AFP

နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ခေါင်းစဉ်နဲ့ ကျင်းပမယ့် အဲဒီ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ တခု အတွက် ကိုယ်စားလှယ် (၃) ဦးကျစီ တက်ရောက်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ကြားထားကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ဥက္ကဌ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။

"ဖိတ်စာ ရောက်နေပြီလို့တော့ ပြောတယ်။ တိုင်းကော်မရှင်လေ။ လှမ်းအကြောင်းကြား ထားတာပါ။ ပါတီ ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လွှတ်တော် သွားတက်ရင်းနဲ့ ရောက်နေမှာဆိုတော့ သူတို့ကိုဘဲ ကျနော်တို့ တာဝန်ပေးပြီး တက်ခိုင်းမှာပါ။"

ဒီဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဖိတ်ကြားထားကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံ အသီးသီးက လူပုဂ္ဂိုလ်ပေါင်း ၄၀၀ ကျော်လောက် တက်ရောက်မှာ ဖြစ်ကြောင်း သမ္မတရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မယ်၊ မရောက်ဘူးဆိုတာ အတည် မပြုနိုင်သေးပါဘူး။ ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် စီးပွားရေး အတွက် စီမံကိန်းတွေ ချမှတ်ရေး အတွက် အရေးကြီးနိုင်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ အထက် လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

စီးပွါးရေး လုပ်ငန်းရှင်များ၊ ပညာရှင်များကို ဖိတ်ကြားထားကြောင်း၊ ပြည်နယ်နဲ့တိုင်းက စီးပွါးရေးဝန်ကြီးများကို လည်း ဖိတ်ကြားထားပြီး၊ နိုင်ငံရေးပါတီများက (၃) ဦးစီ ပါဝင်မည့်အကြောင်း ကြားရကြောင်း၊ နိုင်ငံစီးပွါးဖွံ့ဖြိုးမှုအတွက် ပညာရှင်များက စာတမ်းတွေကို ဖတ်ကြားပြီး မိမိတို့က လူထု အမြင်၊ နိုင်ငံရေး ပါတီ အမြင်တွေနဲ့ မြန်လှန် သုံးသပ်ပေးကြမှာ ဖြစ်ကြောင်း၊ အကျိုးရှိနိုင်မယ်လို့ ယူဆရကြောင်း၊ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့် ကလည်း မြန်မာ နိုင်ငံ ဖွံ့ဖြိုးရေး အတွက် အရေးကြီးတဲ့ အကြံပြု စာတမ်း တစ်စောင် တင်သွင်းမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။