တောင်ငူမှာ ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသူတချို့ ဖမ်းဆီး တရားစွဲခံရ
2014.09.10

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ပဲခူးတိုင်း တောင်ငူမြို့က ကျောင်းသား ၂ ယောက်နဲ့ သူတို့ကို ပံ့ပိုးကူညီသူ ၁ ယောက်ကို ပုဒ်မ ၁၈ နဲ့အမှုဖွင့်ထားပြီး တစ်ယောက်ကိုတော့ မနေ့ ညသန်းခေါင်ကျော်မှာ ဖမ်းဆီးသွားတယ်လို့သိရ ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တောင်ငူခရိုင်က ကိုလောရင့်စ်ကျော်ကျော်၊ ကိုထွန်းအောင်ကျော်တို့ကို အမှုဖွင့်ထားတဲ့အကြောင်း နဲ့ ကိုဂျပိ (ခေါ်) ကိုအောင်သန်းဌေးကို မနေ့ ညက ဖမ်းသွားတဲ့အကြောင်း တောင်ငူ ဗကသပြန်ကြားရေး တာဝန်ခံ ကိုအောင်ထက်က RFA ကို ပြောပါတယ်။
"အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ကျနော်တို့ ဆန္ဒပြတာရှိတယ်လေ၊ ၄ ရက်နေ့ကပြတယ် ၊ တောင်ငူမှာ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျောင်း သားအဖွဲ့က ၃ ယောက်၊ ကျောင်းသား ၂ ယောက်အခုပေါ့၊ ကိုဂျပိက အရင်အဖမ်းခံရတယ်ပေါ့၊ ၃ ယောက်ဆိုတာကိုကရှိတယ်၊ ကျနော်တို့ ဒီကိုလောရင့်စ်ကျော်ကျော်ပေါ့၊ ဗ.က.သ ဥက္ကဌ ၊ နောက်တစ်ယောက်ကျတော့ ကိုထွန်းအောင်ကျော်က ဗ.က.သ အဖွဲ့ဝင်ပေါ့၊ "
ကိုဂျပိ (ခေါ်) ကိုအောင်သန်းဌေးကို အမှတ် (၂) ရဲစခန်းမှာချုပ်ထားတယ်လို့ဆိုပါတယ်။ သူဟာ မနှစ်ကလည်း မိုးထိမိုးမိရွှေလုပ်သားတွေကိုကူညီတဲ့အတွက် ပုဒ်မ ၅၀၅ (ခ) နဲ့ဖမ်းဆီးခံရပြီး ထောင် ၆ လချခံခဲ့ရပါတယ်။ သူ့ကိစ္စနဲ့ပတ်သက်လို့ ကိုအောင်ထက်က ဒီနေ့ညနေမှာ အမှတ် (၂) ရဲစခန်းမှူး ကိုဆက်သွယ်စုံစမ်းတဲ့အခါမှာ အာမခံမယ့်လူ ၂ ယောက်ရှိရင်ဖြစ်ဖြစ်၊ ကိုယ်ပိုင်အာမခံနဲ့ ဖြစ်ဖြစ် ပြန်လွှတ်ပေးနိုင်တယ်လို့ ပြောဆိုကြောင်း သိရပါတယ်။