ပညာရေးဝန်ထမ်းတစ်ဦး စစ်တွေမြို့ စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်ခံရ
2020.03.09
စစ်တွေကို ပုဏ္ဏားကျွန်းမြို့ကနေ ဆိုင်ကယ်နဲ့လာတဲ့ ပညာရေးဝန်ထမ်းတစ်ဦးကို မနေ့တုန်းက တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နောက်ကနေ လှမ်းပစ်ခတ်လို့ ဒဏ်ရာရရှိသွားပါတယ်။
တနင်္ဂနွေနေ့တုန်းက ပုဏ္ဏားကျွန်းမြို့ကနေ စစ်တွေမြို့သို့ ဆိုင်ကယ်နဲ့ပြန်လာတဲ့ ပညာရေးဝန်ထမ်း ဦးညီညီဇော်ကို တပ်မတော်စစ်ဆေးရေးဂိတ်က နောက်ကနေပစ်ခတ်လို့ စစ်တွေဆေးရုံမှာဆေး ကုသနေရပါတယ်။
ကျောက်တန်းရွာ စုပေါင်းဂိတ်နားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်ဆေးတာကို မရပ်လို့ ပစ်ခတ်လိုက်ကြောင်းနဲ့ ဒဏ်ရာရှိသူကို ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ တပ်မတော်က မတ် ၈ ရက် နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကြီးမှာ ဆေးကုသနေရတယ်လို့ ပစ်ခတ်ခံရသူရဲ့ အကိုဖြစ်သူ ဦးသန်းဇော်က RFA ကို ဒီနေ့ မတ်လ ၉ ရက်နေ့မှာပြောပါတယ်။
“ခုလောလောဆယ် ဗိုက်ကိုချုပ်ထားတယ်၊ ခွဲစိပ်ကုသမှုမလုပ်ဘူး၊ အဲဒီဟနေတဲ့နေရာကို ချုပ်ပေးလိုက်တယ် ဟုတ်ကဲ့ပါ သတိရပါတယ်၊ သူတို့သေနတ်နဲ့အပစ်ခံရပြီးတော့ ကျွန်တော့ညီက အဲဒီနေရာမှာ၊ ရဲကားတစ်စီး ရောက်လာတယ်၊ သူတို့ကားနဲ့သယ်သွားတယ် စစ်တပ်ဆေးရုံကိုခေါ်သွားတယ်၊ စစ်ဆေးရုံမှာ ဓာတ်မှန် ရိုက်တယ်၊ ပြီးတော့ အဲဒီဒဏ်ရာ အပေါ်မှာ ပတ်တီးအုပ်ပေးလိုက်တယ်၊ ပြီးတော့ သူတို့ မလုပ်ပေးနိုင်ဘူးဆိုပြီး စစ်တွေဆေးရုံကြီးကို လူနာတင်ကားနဲ့ပို့တာ၊ ပြီးတော့ အဲဒီကလေးရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကို သူတို့က သိမ်းထားပြီးပီ၊ ဖုန်းနဲ့ဆိုင်ကယ်ကိစ္စက သိပ်ကိုအရေးကြီးနေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့တစ်စုံတစ်ရာ ကျွန်တော်တို့အပေါ်မှာ အကောက်ကြံလာမှာကို စိုးတယ်။” လို့ ဦးသန်းဇော်က ပြောပါတယ်။
ပညာရေးဝန်ထမ်း ပစ်ခတ်ခံရတာမှန်ကန်ပြီး၊ ဌာနအဆင့်ဆင့်ကို တင်ပြထားတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ပညာရေးမှူး ဦးညီထွေးက ပြောပါတယ်။
“သူကရုံးစောင့်ပါ၊ ရုံးစောင့်ပြီးတော့ သူ့မိသားစုရှိရာ စစ်တွေကို ပြန်တဲ့အခါမှာ စစ်တွေမြို့နယ်ထဲမှာရှိတဲ့ စုပေါင်း စစ်ဆေးရေးဂိတ်ပေါ့ အဲဒီဂိတ်မှာ ကားတွေရပ်ထားတယ်လို့ပြောပါတယ်၊ ကားတွေရပ်ထားလို့ ကားကိုရှောင်ပြီးသွားတာပေါ့၊ ဟိုက လှမ်းအော်တယ်လို့ပြောပါတယ် သူ့ကို၊ ရပ်ရပ်လို့ပြောတာပေါ့၊ ဒါပေမဲ့ သူကမကြားနိုင်ဘူးပေါ့၊ မကြားနိုင်တော့ အပစ်ခံရတာပေါ့၊ ဆယ်နာရီ ငါးဆယ်လောက်မှာ အဲဒီမှာ ဖြစ်စဉ်ဖြစ်တာပေါ့၊ ဆယ်နှစ်နာရီလောက်မှာ စစ်တွေဆေးရုံရောက်ပြီး အဲဒီမှာ ဆေးကုသမှုခံယူနေပါတယ်။”
ဒီသတင်းနဲ့ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဒီကနေ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲမဖြစ်ပွားခင်ကာလအထိ စစ်တွေ-ပုဏ္ဏားကျွန်း အဝေးပြေး လမ်းမကြီးပေါ်မှာ စစ်ဆေးရေးဂိတ်တွေ မရှိသလောက်နည်းပါးတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
“အဲဒီဂိတ်က စုပေါင်းပါပဲ၊ တစ်ခြားဌာနဆိုင်ရာတွေလည်း အကုန်လုံးပါတယ်၊ တပ်တို့၊ ရဲတို့၊ လဝကတို့ အကုန်လုံးပါတယ် ၊ အရင်ကမရှိဘူး အခုရှိတယ်၊ သူတို့က တားတာလည်းမရှိဘူး၊ ကြိုပြီးတော့ ဥပမာ ပေ လေးငါးရာကနေ ရှေ့မှာဂိတ်ရှိတယ် ကြိုပြီးတော့ အဲလိုလည်း မပြောဘူး၊ မပြောတော့ ပုံမှန်သွားနေကျ ဆိုင်ကယ်တွေ သွားတာပဲ၊ သွားတော့ ခေါ်တယ် ခေါ်တော့မကြား မကြားတော့ပစ်ထည့်လိုက်တာပဲ၊ အဲတာက အရင်ကလည်း လူနှစ်ယောက်လောက် ထိသွားပြီးတော့ ဖမ်းထားတာရှိတယ်၊ မနေ့ကလည်း အဲလိုဖြစ်တာ။”
အဲဒီဂိတ်က ဖြတ်သွားတဲ့ကားတိုင်းကို စစ်ဆေးနေပြီး တစ်စီးကို နာရီလောက်ကြာအောင်စစ်တော့ ကားအစီးရေ ရာနဲ့ချီတန်းစီပြီး လမ်းပိတ်နေတာလည်းရှိတယ်လို့ ဦးခင်မောင်လတ်ကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ သြဂုလတုန်းကလည်း အမြင့်ကျွန်းတံတားပေါ် ဖြတ်သန်းသွားတဲ့ ဆိုင်ကယ်သမား နှစ်ယောက်ကို တပ်က ပစ်ခတ်လို့ တစ်ယောက် သေဆုံးသွားပါတယ်။ ၂၀၁၉ ဂျူလိုင်လတုန်းကလည်း မြောက်ဦးမြို့ပေါ်မှာPlan International ဝန်ထမ်းတစ်ယောက်ကို တပ်မတော်က ပစ်ခတ်လို့ ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ် နှစ်ခု တုန်းကလည်း ဆိုင်ကယ်မရပ်လို့ ပစ်ခတ်တာလို့ ပြောဆိုဖူးပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့တိုက်ပွဲ အချိန်တစ်နှစ်ကျော်ကာလ အတွင်းမှာ အရပ်သားသေဆုံးသူ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀၀ ကျော် အထိရှိနေပါပြီ။