မြန်မာအမျိုးသားတွေ ပညာရေးဗီဇာ လျှောက်ခွင့် ချင်းမိုင်တက္ကသိုလ်တွေပိတ်ပင်
2024.05.10
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ဘာသာစကားသင်တန်းကျောင်းကနေတစ်ဆင့် ပညာရေးဗီဇာလျှောက်ခွင့်အတွက် မြန်မာအမျိုးသားတွေကို မေလ ၁၀ ရက်နေ့ကစပြီး ယာယီပိတ်ပင်လိုက်တယ်လို့ ပညာရေးဗီဇာဝန်ဆောင်မှုပေးနေသူတွေက RFA ကို ပြောပါတယ်။
တက္ကသိုလ်ကျောင်းတွေက အခုလို မြန်မာအမျိုးသားတွေကိုဗီဇာပိတ်ပင်လိုက်တဲ့အကြောင်း ပညာရေးဗီဇာဝန်ဆောင်မှုပေးနေသူတွေဆီကို အကြောင်းကြားလာတာဖြစ်တယ်လို့ ချင်းမိုင်မြို့မှာ ဗီဇာဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောပါတယ်။
“အဲဒီသတင်းကို မနေ့(မေ ၉ရက်)က ညနေကတည်းကကြားတယ်။ အတည်ပြုချက်ကို စောင့်တယ်။ ကျောင်းကပဲ ညီမတို့ဆီ တိုက်ရိုက်ထုတ်ပြန်လာတယ်။ ဒီနေ့ မနက်ပဲ။ လက်ရှိ လ၀ကမူဝါဒ အပြောင်းအလဲအရ ယောကျာ်းလေးတွေကို ကျောင်းအပ်တာကို ယာယီပိတ်ခိုင်းထားတယ်။ မိန်းကလေးတွေကတော့ ဆက်သွားလို့ရသေးတယ်။ အခုလက်ရှိမှာတော့ ဆွဲလို့ ရနိုင်သမျှ ကျောင်းသားတွေကို ဆွဲပြီးတော့ တနင်္လာနေ့ နောက်ဆုံးကို လ၀က က တရားဝင် အခွင့်အရေးပေးထားတယ်။ အဲဒီနေ့ တစ်ရက်ကို ဗီဇာပြောင်းဖို့အတွက်ကို ရက်ပေးထားတယ်။ တနင်္လာပြီးသွားရင်တော့ နောက်ရက်တွေမှာ သူတို့က ဒါကို စဉ်းစားပေးတော့မှာ မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးပါ။“
ဘာကြောင့် ပိတ်တယ်ဆိုတာကို တက္ကသိုလ်တွေက တရားဝင်ထုတ်ပြန်တာ မရှိဘဲ ထိုင်းအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့မူဝါဒအပြောင်းအလဲကြောင့်လို့သာ အကြောင်းကြားလာတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုချက်ရဖို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးနဲ့ ထိုင်းအစိုးရကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ပညာရေးဗီဇာလျှောက်ထားခွင့်ကို မြန်မာနိုင်ငံသား အမျိုးသားတွေကိုပဲ သီးသန့် ပိတ်ပင်လိုက်တာဖြစ်ပြီး ဘာကြောင့် ပိတ်လိုက်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ပညာရေးဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောပါတယ်။
“တက္ကသိုလ်မှ မဟုတ်ဘူး။ Language school တွေကပါ ယောကျာ်းလေးတွေကို အကုန်လက်မခံတော့တာ။ မြန်မာနိုင်ငံသားတွေကိုပဲ ကန့်သတ်လိုက်တာ။ ဘာကြောင့်လဲဆိုရင် တခြားနိုင်ငံသားတွေလည်း အကုန်ဝင်ထွက်နေတာ အဲဒီလိုမရှိဘူး။“
ထိုင်း၊ အင်္ဂလိပ်နဲ့ အခြား ဘာသာစကားတွေကို သင်ယူနိုင်ပြီး တစ်နှစ်နေထိုင်ခွင့်ရတဲ့ ပညာရေးဗီဇာကို ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှာ လျှောက်ထားသူပေါင်း ထောင်နဲ့ချီရှိတယ်လို့ဆိုပါတယ်။ မြန်မာအမျိုးသားတွေ ပညာရေးဗီဇာ ပိတ်ပင်ခံလိုက်ရတဲ့အတွက် အလည်ဗီဇာတွေကနေတစ်ဆင့် ပညာရေးဗီဇာ ပြောင်းဖို့ စီစဉ်နေတဲ့ မြန်မာအမျိုးသားတွေ စိုးရိမ်နေကြပါတယ်။
စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စစ်ကောင်စီက အသက်သွင်းပြီးနောက်မှာတော့ ထိုင်းနိုင်ငံကို အလည်အပတ် ဗီဇာနဲ့ ထွက်ခွာသူတွေ များလာပြီး ထိုင်းကိုရောက်တဲ့အခါ နှစ်ရှည်နေထိုင်ခွင့်ရဖို့ မြန်မာနိုင်ငံသားတွေက အခုလိုပညာရေးဗီဇာကို ပြောင်းလဲလျှောက်ထားကြတာဖြစ်ပါတယ်။
အလည်အပတ် ဗီဇာလျှောက်ထားသူများတာကြောင့် ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးမှာလည်း တစ်ရက်ကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ လေးရာသာ လက်ခံတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။