အကြမ်းမဖက် အမျိုးသား လှုပ်ရှားသူ လူငယ်အဖွဲ့ ပညာရေး ဒါနပြုလုပ်

၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသား လှုပ်ရှားသူ လူငယ်တွေရဲ့ လူမှု ပညာရေး အထောက်အကူပြု အစီအစဉ် တရပ်အနေနဲ့ ရွှေပြည်သာ ပညာဒါနကျောင်းမှာ ပညာသင်နေကြတဲ့ ကျောင်းသား လူငယ်တွေ အတွက် ဗလာစာအုပ် လှူဒါန်းတဲ့အခမ်းအနားကို မနေ့က မနက်က အဲဒီ ရွှေပြည်သာ ပညာဒါနကျောင်းမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

2011.06.06
teacher_student_school_305_z.jpg ကျောင်းတစ်ကျောင်းတွင် သင်ကြားနေသော ဆရာမနှင့် ပညာသင်ယူနေသော ကျောင်းသားများကို တွေ့ရစဉ်
(Photo: AFP)

ဒီအစီအစဉ် ကို ရွှေပြည်သာမြို့နယ် စည်းအဖွဲ့ဝင် ဦးသိန်းအောင် တာဝန်ယူပြီး အစီအစဉ်မှာ ဦးဆောင် ပါဝင်တဲ့ ကိုလူမော်လတ်က အခုလိုပြောပါတယ်။

"ရွှေပြည်သာ ပညာဒါနမှာ ကလေး အယောက် ၅၀ ကျော်ရှိပါတယ်။ ကျောင်းကို ဦးဆောင်တဲ့ ဆရာမကြီး ဒေါ်ငြိမ်းတင်က မူလတန်း ကလေးတွေကို ဖိဖိစီးစီးနဲ့ စာသင်ပေးတယ်။

ကျောင်းနေအရွယ် ကလေးတွေကိုတော့ သူကျောင်းအားတဲ့ ရက်မှာ သူခေါ်ပြီး စာသင်ပေးတယ်။ ကျောင်းနေအရွယ် ကလေးတွေကို ကျတော်တို့ ဗလာစာအုပ် ၂၅ ဒါဇင် လှူတယ်။ မူလတန်း ကလေးတွေကျတော့ စုစုပေါင်း ဒါဇင် ၂၀ ပေါ့။ နောက်ပြီး ဒီဆရာမကြီးကျောင်းမှာ လိုအပ်တဲ့ မီးချောင်းတို့၊ ဘာတို့ စသဖြင့် လိုအပ်တာလေးတွေ ပြင်ဆင်ဖို့အတွက်ကို ၂ သောင်း လှူပေးခဲ့တယ်။

ဒီပညာဒါန အတွက်ကို ကျတော်တို့ ပထမ သပ်မှတ်ထားတာ တယောက်ကို ၅ သောင်း၊ နောက် ဖမ်းဆီးခဲ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ အရမ်းဆင်းရဲပြီး အတိဒုက္ခရောက်သူတွေအတွက် ၅ သောင်း သတ်မှတ်ပေမဲ့ ကျောင်းက တော်တော် ချို့တဲ့ပြီး မပြည့်မစုံ ဖြစ်နေတဲ့အတွက် ကျတော်တို့က တသိန်းဖိုးဆိုပြီးတော့ လှူလိုက်တာပါ။"

လှုဒါန်းမှု အစီအစဉ်ကို မနေ့က နေ့လည် ၁ နာရီကနေ ၃ နာရီအထိ ကျင်းပခဲ့ရာမှာ ရွှေပြည်သာမြို့နယ် စည်းအဖွဲ့ဝင်တွေ ၊ ၈၈ အရေးအခင်းမှာ ကျဆုံးသွားတဲ့ ကျောင်းသူ မဝင်းမော်ဦး ရဲ့မိဘ ၂ ပါးနဲ့ အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသား လှုပ်ရှားမှု လူငယ်အဖွဲ့ဟာ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ ကို အကူအညီ ပေးနေပြီး ဆင်းရဲတဲ့မိသားစုဝင် ကလေးတွေ အတွက် ပညာဒါနကျောင်းတွေမှာ တတ်နိုင်သမျှ အထောက် အကူပေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။