ဓါတ်ငွေ့သုံး စွမ်းအားစက်ရုံ တည်ဆောက်ရေး ထိုင်း ဆွေးနွေး
2018.07.21
မြန်မာနိုင်ငံမှာ ဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံငယ်လေးတွေ တည်ဆောက်ဖို့ ဒေသတွင်း လုပ်ငန်းရှင်တွေနဲ့ ထိုင်း လျှပ်စစ်အာဏာပိုင်အဖွဲ့က လုံးဝပိုင်တဲ့ Egat International Co. က ဆွေးနွေးနေတယ်လို့ မနေ့ကထုတ် Bangkok Post သတင်းစာက ဖော်ပြလိုက်ပါတယ်။
၅ megawatt ကနေ ၁ဝ megawatt ထိ ထုတ်လုပ်နိုင်မယ့် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ နေရာ ၁ဝ နေရာထက်မနည်း ရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။
စက်ရုံတစ်ရုံအတွက် အမေရိကန်ဒေါ်လာ ၃ သန်းကနေ ၆ သန်း ရင်းနှီးမြှုပ်နှံဖို့လည်း ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် ဓါတ်ငွေ့ရည်က အဓိက လောင်စာဖြစ်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။
နောက်တဆင့်အနေနဲ့ မြန်မာနိုင်ငံက မူဝါဒချမှတ်သူတွေနဲ့တွေ့ဆုံမယ်လို့ Egat ဥက္ကဋ္ဌက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇယ်ဆီသုံး မီးအားပေးစက်တွေသုံးနေရတာ စရိတ်စက အကုန်အကျ များတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ လုပ်မယ့်စီမံချက်ဟာ ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်တဲ့အကြောင်း၊ ဒေသတွင်းက လျှပ်စစ်သုံးစွဲသူတွေဟာ လျှပ်စစ် တစ်ကီလိုဝပ်အတွက် တစ်နာရီကို ၁ဝ ဘတ်ပေးရချိန်မှာ ထိုင်းက လျှပ်စစ်မီးသုံးသူတွေက ၃ ဘတ်က ၄ ဘတ်ပဲ ပေးရတဲ့အကြောင်း၊ ထုတ်လုပ်တဲ့ လျှပ်စစ် ၆ဝ % ဟာ သဘာဝဓာတ်ငွေ့ကရတဲ့အကြောင်းလည်း ပြောပါတယ်။