နာမကျန်းကျောင်းသားကျောင်းသူ ၈ ဦး ရန်ကုန်ဆေးရုံကြီးမှာ ကုသခွင့်ရရှိ


2015.12.01
students-tharyarwaddy-sep8-620.jpg အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို စက်တင်ဘာလ ၈ ရက်နေ့က သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Aung Thain Kha/RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံသူ ၅ဝ ကျော်ထဲက ၈ ဦး ဟာ ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံဖို့အတွက် သာယာဝတီမြို့နယ်ဆေးရုံက စာထုတ်လိုက်ပြီး ထောက်ခံပေးလိုက်ပါတယ်။

မဟန်နီဦး၊ ကိုဘိုဘိုမျိုး၊ ကိုမျိုးထက်ပိုင် စတဲ့ ကျောင်းသား နဲ့ ဝန်းရံသူ ၈ဦးဟာ ဦးနှောက်နဲ့ အာရုံကြော၊ နံရိုးနဲ့ ကျောက်ကပ်တို့မှာ နာကျင်နေတာကြောင့် သာယာဝတီဆေးရုံက ဆေးစစ်ပြီး ရန်ကုန်ကို လွဲှပြောင်းဖို့ စာထုတ်လိုက်တာ ဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော် က ပြောပါတယ်။

"များသောအားဖြင့် ဦးနှောက်နဲ့ အာရုံကြောတွေဖြစ်တယ်၊ လည်ပင်းရိုးအဆစ်တွေ ဖြစ်တယ်၊ နောက်တစ်ခါ ခါးရိုးတွေဖြစ်တယ်၊ နားတွေဖြစ်တယ်၊ ဒဏ်တွေပေါ့နော်၊ ခေါင်းတွေမူးတယ်၊ သတိတွေမရကြဘူး၊ နောက် ဟန်နီဦးဆိုရင် တကိုယ်လုံးယားနာ တွေပေါက်တယ်၊ အစုံပါပဲ၊ အဲ့ဒါကျတော့ ရန်ကုန်ဆေးရုံမှာ တက်ကုကြရတယ်"

ဆေးရုံက စာထုတ်ပေးပေမယ့် အကျဉ်းထောင်ရဲ့ခွင့်ပြုချက် ရရှိဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ကျောင်း သား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို ဒီနေ့ သာယာဝတီ မြို့နယ်တရားရုံးမှာ ရုံးထုတ်ရာ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူ ၁၁ ဦးက သာယာဝတီဆေးရုံမှာ ဆေးစစ်ရာမှာ ၈ ဦးကို ရန်ကုန်ဆေးရုံကြီးထံ လွဲှပြောင်းပေးဖို့ စာထုတ်လိုက် တာဖြစ်ပါတယ်။ ဒီနေ့ ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ရဲမှူး ဖုန်းမြင့်ကို စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ ကိုခင်မောင်ဝင်း၊ ကိုတင်ထွဋ်ပိုင် နဲ့ ကိုခန့်အောင်တို့ကို အာမခံပေးဖို့ တင်ပြခဲ့ရာ လာမယ့် ရှေ့တစ်ပတ်ရုံးချိန်းမှာ အာမခံပေး၊ မပေး အမိန့်ချမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထား ရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို ပြန်လွှတ်ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က ပြည်သူ့လွှတ်တော်မှာ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။ နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက ဒီကနေ့ အစီရင်ခံစာ တင်သွင်းရာမှာ ဦးခိုင်မောင်ရည်က ဝင်ရောက်ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် ဆန္ဒပြခဲ့တာကြောင့် ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူတွေဟာ သာယာဝတီ၊ မြင်းခြံ နဲ့ မန္တလေးထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။