ကရင်မှာ ရေဘေးသင့်သူ ၈ထောင်ကျော်ရှိ


2018.07.24
karen-flooding-622.jpg ဘားအံမြို့မှာ ရေကြီးတာကြောင့် ကယ်ဆယ်ရေးစခန်းမှာ လာရောက်ခိုလှုံသူတွေကို ၂၀၁၈ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Ye Htet's Facebook

ကရင်ပြည်နယ်မှာ မိုးဆက်တိုက်ရွာနေတာကြောင့် မြို့နယ် ၅ ခုမှာ ရေကြီးခဲ့ပြီး လူဦးရေ ၈ထောင်ကျော် ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။

ဘားအံမှာ ရေဘေးသင့်သူ ၅၀၀၀ ကျော် ရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါ်နီနီအောင် က ပြောပါတယ်။

"အခုက ဘယ်နှစ်မြို့နယ်ဖြစ်လဲဆိုတော့ ဘားအံ၊ လှိုင်းဘွဲ့၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘားအံမှာတော့ ကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်ထားတယ်၊ လူဦးရေကတော့ ဘားအံမှာ ၅၅၂၅၊ လှိုင်းဘွဲ့မှာ အိမ်ထောင်စုက ၃၀၀ ကျော်တယ်၊ ကယ်ဆယ်ရေးစခန်း ၁၄ ခုလောက်ရှိတယ်၊ လူဦးရေက ၁၀၀၀ ကျော်၊ လက်တလော သူတို့အတွက်ကို ဆန်ရိက္ခာတွေ ၇ ရက်စာ ထောက်ပံ့ပေးပါတယ်"

ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို ကျော်လာတာကြောင့် ကမ်းနားက နေအိမ်တွေ ရေနစ်မြုပ်ပြီး ကယ်ဆယ်ရေးစခန်း ၁၀ ခုမှာ လူ ၅ထောင် ကျော် ပြောင်းရွှေ့နေကြပါတယ်။

လှိုင်းဘွဲ့မြို့နယ်မှာ လူတစ်ထောင်ကျော်၊ မြဝတီမှာ တစ်ထောင်ကျော် နဲ့ ကြာအင်းဆိပ်ကြီးမှာဆိုရင် လူဦးရေ ၅၀၀ ကျော် ရေဘေးဒဏ်ခံနေရတာဖြစ်ပါတယ်။

လက်ရှိ လှိုင်းဘွဲ့မြို့နယ်မှာ ရေအနည်းငယ်ပြန်ကျပြီး မြဝတီမှာတော့ ရေလုံးဝကျသွားပြီလို့ သိရပါတယ်။

ရေဘေးသင့်သူတွေကို ပြည်နယ်အစိုးရက ရေသန့်တွေ၊ ဆန်နဲ့ စားသောက်စရာတွေ လှူဒါန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။