အသက် ၉ဝ နဲ့အထက် ဘိုးဘွားတွေ ကို ထောက်ပံ့ငွေပေးမည်
2017.04.20

တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ အသက်ကိုးဆယ်နဲ့အထက် ဘိုးဘွားတွေကို ထောက်ပံ့ငွေပေးဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စာရင်းတွေ ကောက်ယူနေပါတယ်။
မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းအစီအစဉ်နဲ့ သက်ကြီးရွယ်အို များဆိုင်ရာ ဥပဒေအရ အခုလို လူမှုရေးပင်စင်ထောက်ပံ့ငွေပေးဖို့ စီစဉ်တာဖြစ်ပြီး ဧပြီလအတွက်ကစပြီး ပေးသွား မယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
"အသက် ၉ဝ ကျော် ဘိုးဘွားတွေကို ဒီဘတ်ဂျတ်ကစပြီးတော့ အစိုးရရဲ့ ဘတ်ဂျတ်ကနေပြီးတော့ လူမှုရေး ပင်စင်ဆိုပြီးတော့ ထောက်ပံ့တယ်။ ဘာကြောင့်ထောက်ပံ့လည်းဆိုတော့ အခုကျနော်တို့ အစိုးရသစ်လက်ထက် မှာ သက်ကြီးရွယ်အိုဥပဒေဆိုတာ ပေါ်ပေါက်လာတယ်၊ ဥပဒေအရ ကျနော်တို့က ဥပဒေထဲမှာ အသက်အပိုင်း အခြားအလိုက် လူမှုရေးပင်စင် ခံစားခွင့်ပြုမည် ဆိုတာပါတယ်။ အသက်အပိုင်းအခြားလိုက်ဆိုတော့ နိုင်ငံတော် ရဲ့ ဘတ်ဂျတ်အနေအထားအရ ၉ဝ ကျော်ကနေ စတာပေါ့၊ ၉ဝ ကျော်ကနေစတယ်၊ တဖြည်းဖြည်း အသက် ကိုလျော့ချပြီတော့ ငွေတန်ဖိုးကို မြှင့်တင်သွားမှာပေါ့"
လက်ရှိကောက်ယူရရှိတဲ့ စာရင်းတွေအရ ဘိုးဘွားအရေအတွက် နှစ်သောင်းကျော်ရှိသွားပြီလို့ ပြောပါတယ်။
အသက် ၉ဝ ပြည့်ပြီးတဲ့ ဘိုးဘွား တစ်ဦးကို တစ်လ ကျပ်တစ်သောင်းစီ ထောက်ပံ့ငွေပေးသွားမှာဖြစ်ပြီး စာရင်းမှာ ပါဝင်တဲ့ ဘိုးဘွားတွေကို ဧပြီ၊ မေ၊ ဇွန်လတို့အတွက် သုံးလစာကို လာမယ့် ဇွန်လကနေစပြီး ထောက်ပံ့ပေးသွား မှာဖြစ်ပါတယ်။
လူမှုရေးပင်စင်ထောက်ပံ့ငွေအတွက် လျှောက်ထားလိုသူ ဘိုးဘွားတွေဟာ ဒီနှစ် ဧပြီလ ၁ ရက်နေ့မှာ အသက် ၉ဝ ပြည့်ပြီးသူ ဖြစ်ရပါမယ်။ လက်ရှိကာလမှာရိုက်ကူးထားတဲ့ ပတ်စ်ပို့ဓာတ်ပုံ ၁ ပုံ၊ လျှောက်ထားလိုသူရဲ့ မှတ်ပုံတင် (သို့မဟုတ်) အိမ်ထောင်စုစာရင်း စတဲ့အထောက်အထားတွေနဲ့ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်၊တိုင်းဒေသကြီး၊ ခရိုင်လူမှုဝန်ထမ်းရုံးတွေကို ဆက်သွယ်အကြောင်းကြားရမှာဖြစ် တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။